close

ကိုလံဘီယာတွင် တံတားပြိုကျပြီး ရဲအရာရှိ ၂ ဦးသေဆုံး ၁၅ ဦးဒဏ်ရာရ

ကိုလံဘီယာနိုင်ငံအနောက်ပိုင်း ကောက်ကာချိုင့်ဝမ်းဒေသမှာ ဧပြီလ ၁၂ ရက်က တံတားပြိုကျမှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။

သေဆုံးသူ ၂ ဦး စလုံးဟာ အမျိုးသားရဲတပ်ဖွဲ့မှ ရဲအရာရှိတွေ ဖြစ်ကြပြီး သူတို့စီးလာတဲ့ကားဟာ မြစ်ထဲကိုပြုတ်ကျတဲ့ ကွန်ကရစ်ပြားတွေကြားမှာ ပိတ်မိနေတာပါ။ 

တံတားကိုဖြတ်ကူးတဲ့ တခြားကုန်တင်ကား ၂ စီးနဲ့ ကိုယ်ပိုင်ကား ၁ စီးလည်း ပိတ်မိနေပါတယ်။ ဒဏ်ရာရသူတချို့ဟာ သူတို့ရဲ့ မော်တော်ယာဉ်တွေကနေ လွတ်မြောက်နိုင်ခဲ့ပါတယ်။ ကင်ဒီယိုနဲ့ ကောက်ကာချိုင့်ဝှမ်းဒေသရဲ့ နယ်မြေတွေကိုဆက်သွယ်ပေးတဲ့ လာတီဘေဒါမြို့နယ်ရှိ လာဗီယေဟာ မြစ်ကူးတံတား ပြိုကျရာနေရာကို ကယ်ဆယ်ရေးသမားတွေကို ခေါ်ယူခဲ့ပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေကို အနီးနားရှိ ဆေးဘက်ဆိုင်ရာဌာနတွေဆီ ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။

ဒေသခံအာဏာပိုင်တွေကတော့ တံတားပြိုကျရတဲ့အကြောင်းရင်းကို ရှာဖွေနေတယ်လို့ ပြောပါတယ်။ 

ကိုလံဘီယာ အမျိုးသားအခြေခံအဆောက်အအုံ အေဂျင်စီ (ANI)မှ ဝီလျံဖာနန်ဒိုကမာဂိုကတော့ တံတားရုတ်တရက် ချို့ယွင်း ပြိုကျမှု ဖြစ်နိုင်တဲ့ အကြောင်းရင်းအဖြစ် ထောက်ပြခဲ့ပါတယ်။ ဒီတံတားကို ၁၉၈၄ ခုနှစ်က တည်ဆောက်ခဲ့ပြီး ပုံမှန်စစ်ဆေးခဲ့ကြောင်းနဲ့ လွန်ခဲ့တဲ့ ၃ လ လောက်က နောက်ဆုံးစစ်ဆေးခဲ့ကာ  သူ့ရဲ့လုပ်ငန်းလည်ပတ်မှုနဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့ စိုးရိမ်စရာ မရှိကြောင်း ဒေသခံ မီဒီယာက ဖော်ပြခဲ့ပါတယ်။

Up