ဒီးမော့ဆိုမြို့နယ်တွင်း အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်ဟု လူထုကို KNDF သတိပေး

ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်ထဲက ဒေါညေးခူ ၊ ဒေါဆိုဖျ ကျေးရွာတွေထဲကို ပြီးခဲ့ တဲ့ မေ ၂ ရက်ကစပြီးတော့ စစ်ကောင်စီ စစ်ကြောင်းတွေ ပြန်လည်ဝင်ရောက်လာကာ တပ်စွဲတာတွေ လုပ်ဆောင်နေတဲ့အတွက် အချိန်မရွေး ထိတွေ့တိုက်ပွဲ ဖြစ်လာနိုင်တယ်လို့ ပြည်သူလူထုကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ နောက်ဆုံးပတ်က KNDF တော်လှန်ရေးတပ်ပေါင်းစုတွေရဲ့ ချေမှုန်းတိုက် ခိုက်မှုကြောင့် စစ်ကောင်စီ စစ်ကြောင်းတွေဟာ ဒေါညေးခူကျေးရွာကနေ ဆုတ်ခွာပြီးတော့ ဒေါညေးခူ-ဘောလခဲ ကြားက တောင်ကြောပေါ်ကို ဆုတ်ခွာသွားခဲ့ပြီး မေ ၂ ရက်မှာတော့ အဆိုပါ စစ်ကြောင်းတွေဟာ ကျေးရွာတွင်း ပြန်လည်ဝင်ရောက်လာခဲ့ တယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ အများပြည်သူတွေ၊ ဒေသခံကျေးရွာသားတွေ အနေနဲ့ ဒေါညေးခူ၊ ဒေါဆိုဖျ၊ ဒေါတမကြီး ကျေးရွာတွေထဲကို ဆန်စပါး ပြန်သယ်တာ၊ နေအိမ်တွေ ပြန်လာကြည့်တာ၊ ကျေးရွာထဲ ဝင်ရောက်တာတွေ မပြုလုပ်ကြဖို့ အထက်ပါ နေရာတွေအနီး ဖြတ်သန်းသွား လာတာတွေ မပြုလုပ်ကြဖို့ အသိပေးမေတ္တာရပ်ခံထားတာပါ။
ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာတော့ ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ တိုက်ပွဲ အကြိမ် ရေ ၅၀ ထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၇၀ သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ် ပြန်ထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ စစ်မျက်နှာအသီးသီးမှာ ထိခိုက်ကျဆုံးမှု များပြား နေတာကြောင့် ဧပြီလအတွင်း လေကြောင်းကနေ ၁၀၈ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ ကြလို့ အရပ်သား ၁ ယောက် သေဆုံးကာ ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါ တယ်။
ကရင်နီပြည်နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဒီးမော့ဆိုမြို့နယ်၊ လွိုင် ကော်၊ ရှားတောမြို့နယ်၊ ဘောလခဲ-ဒီးမော့ဆိုမြို့နယ်စပ်တို့အပြင်၊ ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်း-ဖယ်ခုံမြို့နယ်တို့မှာလည်း စစ်ကြောင်းတွေ ထိုးနေပြီး ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ နေ့စဥ်နီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ပင်လောင်း-ဖယ်ခုံမြို့နယ်စပ်၊ မိုးဗြဲနဲ့ ဒီးမော့ဆိုမြို့နယ်စစ်မျက်နှာတို့မှာ အကြမ်းဖက် စစ်ကောင်စီတပ်တွေက ဝေဟင်ကနေ အသာစီးနဲ့ တိုက်လေယာဥ်တွေ၊ ရဟတ်ယာဥ် တွေ အသုံးပြုကာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပေမယ့် သူတို့ဘက်ကသာ အထိနာ နေတယ်လို့လည်း KNDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။