close

သိမ်ဇရပ်ဘူတာတွင် ခရီးသည် ၉ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ရန်ကုန်သွားဖို့ သိမ်ဇရပ်ဘူတာမှာ လက်မှတ်လာဝယ်တဲ့ ခရီးသည် ၉ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက မေလ ၄ ရက် ညနေ ၄ နာရီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျိုက်ထို ခရွဲကျေးရွာကနေ ဆိုင်ကယ် ကယ်ရီနဲ့ လက်မှတ်လာဝယ်တဲ့ အမျိုးသားငါးယောက်နဲ့ အမျိုးသမီးလေးယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက သိမ်ဇရပ်မြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးမှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အသက် ၅၀ ကျော်အရွယ် အဒေါ်ကြီးနဲ့ ၁၃ နှစ်လောက်ပဲရှိတဲ့ ကလေးမလေးကို ကားပေါ်ဆွဲတင်တာ၊ ယောကျ်ားလေးတွေက လူငယ်တွေ၊ ရန်ကုန်မှာ အလုပ်သွားလုပ်ဖို့နဲ့ တူပါတယ်၊ ဘုမသိ ဘမသိနဲ့ ပါသွားတာ။”

ဖမ်းဆီးခံရသူ ၉ ယောက်မှာ ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာက ဒေါ်စန်းစန်းအေး၊ မချိုချိုလွင်၊ မစုစုငယ်နဲ့ ကိုစောသီဟဝင်းခိုင်၊ ကိုချမ်းမင်းကို၊ ကိုပြည့်ဖြိုးနဲ့ ကိုသန်းညွန့်တို့ဖြစ်ပြီး ကျန်နှစ်ဦးနာမည်ကို မသိရသေးဘူးလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ခရွဲကနေ ဆိုင်ကယ်ကယ်ရီနဲ့ လက်မှတ်လာဝယ်တဲ့အချိန် စစ်တပ်ကဖမ်းတာ။ အခုတော့ စစ်ဆေးနေတယ်။ ၇ ဦးပဲ နာမည်သိရသေးတယ်။”

ဖမ်းဆီးခံရသူတွေရဲ့ ပြောဆိုချက်အရ ရန်ကုန်မှာရှိတဲ့ အသိမိတ်ဆွေရဲ့ အဆက်အသွယ်နဲ့ တာချီလိတ်မှာ အလုပ်သွားလုပ်ဖို့ ရထားလက်မှတ်လာဝယ်စဥ် ဖမ်းဆီးခံရတာဖြစ်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“၉ ယောက်ထဲက ၁ ယောက်က PDF နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး စစ်နေတယ်။ ကျန်တဲ့သူတွေ ပြန်လွှတ်ပေးမယ်လို့တော့ ကြားတာပဲ။ ဟုတ်မဟုတ်တော့ မသိသေးဘူး။”

လက်ရှိမှာတော့ သိမ်ဇရပ်မြို့မရဲစခန်းမှာ ဖမ်းဆီးထားတဲ့ အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၄ ယောက်ကို စစ်ကောင်စီတပ်က စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Up