close

ရွက်ဝါ

(၁)

၁၉၈၅ ခုနှစ်​လောက်က ဖြစ်သည်။ ကျ​နော့်မှာ ချစ်ခင်သနားဖွယ် မိတ်​ဆွေကဗျာဆရာတဦး ရှိခဲ့ဖူးသည်။ သူ့က​လောင်အမည်က “ရွက်ဝါ” ဟု ကျ​နော်မှတ်မိ​နေ၏။

ထိုစဥ်က ကျ​နော်က ဖြူးမြို့အနီး ညောင်ပင်သာရွာ လယ်ယာစိုက်ပျိုး​ရေးသမဝါယမအသင်းက ဖွင့်လှစ်ထားသည့် ကိုယ်ထူကိုယ်ထမူလတန်း​ကျောင်းတွင် ကျောင်းဆရာ ဝင်လုပ်​နေစဥ်က ဖြစ်သည်။ ကျ​နော်၏မိတ်​ဆွေ ကဗျာဆရာ “ရွက်ဝါ” က ကျ​နော် ​နေထိုင်ရာနေရာနှင့် နာရီဝက်ခန့် လမ်း​လျှောက်သွားလျှင် ​ရောက်သည့် စစ်တပ် ခမရ ၁၂၉ (အတိအကျ​တော့ မမှတ်မိပါ) တွင်​ နေထိုင်သည့် စစ်သားကဗျာဆရာ ဖြစ်၏။

ထိုစဥ်က ကျ​နော်တို့နယ်တွင် ကဗျာဆရာ ရှား၏။ ထို့​ကြောင့် ယုံကြည်ချက်ချင်း မတူသည့်တိုင် ကဗျာချစ်သူဖြစ်သည်ဟူ​သော အသိစိတ်နှင့်ပင် ကဗျာ​ရေးသူ မည်သူ့ကိုမဆို ခင်မင်ခဲ့၏။ ထို့ပြင် ကဗျာဆရာ ရွက်ဝါက ရိုးသားဖြူစင်၏။ သူ့မှာ ကဗျာကိုချစ်သည်မှလွဲ၍ တခြား ဘာမျှမသိ။ ဘာကိုမှလည်း ထိထိ​ရောက်​ရောက် မ​လေ့လာ။ ကဗျာ​ရေး​နေရလျှင် ​ကျေနပ်ပြီး သူ​ရေးသမျှကဗျာကို တပါးသူအား ပေးဖတ်​နေရလျှင် ပျော်ရွှင်​နေသူသာဖြစ်၏။ ကျ​နော်နှင့် အသိမိတ်​ဆွေ စတင်ဖြစ်စဥ်က သူသည် ငွေတာရီ၊ မြဝတီ၊ စစ်ပြန်၊ သ​ပြေ မဂ္ဂဇင်းများတွင် အဖွင့်ကဗျာများ လစဥ်ရေးသား​နေသူဖြစ်၏။ သူ​ပြောပြလို့ သိရသည်မှာ ကဗျာစုစု​ပေါင်း ၂၀၀ မျှ ယင်းမဂ္ဂဇင်းများတွင် ဖော်ပြခံထားရပြီးသူ ဖြစ်၏။

ပြီး​တော့ သူက အောက်​မေးရိုး သေနတ်ထိမှန်ခံထားရသဖြင့် စတီး​မေးရိုး အစားထိုးထားရပြီး ဆေးပင်စင်တင်ထားသူ ဖြစ်သည်။ တခါတရံ သူ​နေထိုင်ရာ စစ်တပ်တန်းလျားသို့  ကျ​နော် သွားလည်လျှင် သူနှင့် သူ့ဇနီးမှာ တပ်ဝင်းနောက်​ဖေး တောစပ်တွင် ထင်းခုတ်သွား​နေသည်နှင့် ခဏခဏကြုံ၏။ သူနေထိုင်သည့် ဘားတိုက်တန်းလျား ထရံများမှာ အ​ပေါက်အပြဲများ ဖြစ်လျက်ရှိ၏။ သူသည် သူ့ဘဝကိုသူ ပြန်မကြည့်အား။ လစဥ် ကဗျာများ ပို့နိုင်​ရေးနှင့် ကဗျာရေးနိုင်​ရေးကိုသာ အာရုံထားသူဖြစ်၏။ ထူးဆန်းသည်မှာ သူသည် အခြားကဗျာများကို ဖတ်​လေ့ဖတ်ထမရှိ။ သူ့ကဗျာနှင့် သူနှင့်အပြိုင် သူပါ​နေကြမဂ္ဂဇင်းတွင် ပါရှိသည့် ကဗျာဆရာတစု၏ ကဗျာများကိုသာ တခုတ်တရဖတ်၏။ ပြီး​တော့ သူ့လို လေးလုံးစပ်ကဗျာ ရေးသူများကိုသာ သူသိ၏။

သူက လဆန်းရက်များတွင် ဖြူးက စာအုပ်ဆိုင်များသို့ လစဥ်သွား၏။ မြဝတီ၊ ငွေတာရီ၊ စစ်ပြန်၊ သ​ပြေမဂ္ဂဇင်းများတွင် သူ့ကဗျာ ပါမပါ ကြည့်သည်။ ပါလျှင် ထိုမဂ္ဂဇင်းကိုဝယ်၏။ အနီးဆုံး လက်ဘက်ရည်ဆိုင်သို့ သွား၏။ တွေ့သမျှ အသိအကျွမ်းများကို သူ့ကဗျာကိုပြ၏။ တခါတရံ လက်ဘက်ရည်ပင် တိုက်​လိုက်သေး၏။

သူ့ကဗျာများ မဂ္ဂဇင်းတိုက်သို့ ပို့ပုံမှာလည်း စိတ်ဝင်စားဖို့ အ​တော်​ကောင်း၏။ သူက ဆယ့်နှစ်လအတွက် သက်ဆိုင်ရာလအလိုက် ကဗျာများ တနှစ်စာ အဆင်သင့်​ ရေးထား​လေ့ရှိသည်။ ထို့ပြင် တနှစ်အတွင်း နေ့ထူး​နေ့ရက်များအတွက်လည်း တနှစ်စာ ကြိုတင်​ရေးထား၏။ သက်ဆိုင်ရာလ မ​ရောက်ခင် ထိုကဗျာများကို ကြိုပို့ထား၏။ ဥပမာ မေလအတွက် အလုပ်သမား​နေ့ကဗျာ မေလဆိုင်ရာ ရာသီဘွဲ့ကဗျာကို မေလမတိုင်ခင် ကတည်းက မဂ္ဂဇင်းတိုက်​တွေကို ကြိုပို့ထား၏။

ပိုပြီး စိတ်ဝင်စားဖို့​ကောင်းသည်မှာ အပယ်ခံရသည့် ကဗျာများကို နောက်လတွင် အနည်းငယ် ပြုပြင်ပြန်​ရေးပြီး တခြားမဂ္ဂဇင်းတိုက်သို့ ပြောင်းပို့​လေ့ရှိ၏။ ထိုမဂ္ဂဇင်းများကလည်း သုံး၏။

သူသည် ကျ​နော်နှင့် စတင်သိကျွမ်းစဥ်က သူ့လိုကဗျာဆရာများ ကျင်လည်ကျက်စားရာ မဂ္ဂဇင်းများဖြစ်သည့် မြဝတီ၊ ငွေတာရီ၊ စစ်ပြန်နှင့် သ​ပြေလိုမဂ္ဂဇင်းများတွင် လစဥ် အဖွင့်ကဗျာအဖြစ် ​ဖော်ပြခံရ​သော သူ့အသိုင်းအဝိုင်းအတွင်း အထင်ကရ ကဗျာဆရာ ဖြစ်​နေပြီဖြစ်သည်။

(၂)

တ​နေ့တွင် ကျ​နော့်ကို သူ့ဆန္ဒတခု ထုတ်​ပြောလာခဲ့သည်။ သူသည် ကဗျာစာအုပ်ထုတ်မည်ဟု ပြောလာခဲ့၏။ သူ့တွင် ဆေးပင်စင်ထုတ်လို့​ ပင်စင်ရောင်းထားသည့်ပိုက်ဆံ ရှိသည်။ ထိုပိုက်ဆံဖြင့် ကဗျာစာအုပ်ထုတ်မည်ဖြစ်သည်။ သူ့ရည်ရွယ်ချက်မှာ အမျိုးသားစာ​ပေဆု(ကဗျာ) အတွက် ရည်ရွယ်ခြင်းသာဖြစ်သည်။ ရောင်းရ မ​ရောင်းရသည်မှာ အ​ရေးမကြီး၊ ကဗျာစာအုပ် ထုတ်နိုင်​ရေးသာ အ​ရေးကြီးသည်။

ပထမ​တော့ ကျ​နော်က တားမြစ်မည်ဟု တွေးသည်။ သူသည် အင်မတန်ဆင်းရဲသည့် သာမန် ရိုးရိုးစစ်သား ဖြစ်သည်။ သည်ကြားထဲ သေနတ်ထိမှန်ထားသည့် ဒုက္ခိတတဦးလည်း ဖြစ်သည်။ ထို့​ကြောင့် ပင်စင်​ရောင်းလို့ရသည့်ပိုက်ဆံကို အရင်းအနှီးတခုခုပြု၍ စီးပွား​ရေး လုပ်​စေချင်သည်။ ​နေစရာအိမ်မရှိသဖြင့် အိမ်​လေးတလုံး ဝယ်​စေချင်သည်။ ထိုအ​တွေးဖြင့်ပင် သူ့ကို ကဗျာစာအုပ်မထုတ်ဖို့ တားမြစ်မည်ဟု စဥ်းစားသည်။ သို့​သော် သူက ကဗျာစာအုပ် ထုတ်ဖို့ကိုသာ ဆုံးဖြတ်သည်။ ကျ​နော်တားမြစ်​တော့မည်ကို သိသဖြင့် သူ့ဆုံးဖြတ်ချက်ကိုသာ အလျှင်အမြန် တဖွဖွ​ပြော​တော့သည်။

အမျိုးသားစာ​ပေဆုရလျှင် ပင်စင်​ရောင်းထားသည့်ပိုက်ဆံ ပြန်ရလာမည်။ စာ​ပေနယ်ပယ်တွင် လမ်း​ပေါက်သွားကာ စာ​ပေထုတ်​ဝေ​ရေးဖြင့်ပင် စီးပွား​ရေးလုပ်လို့ရမည်။ သူက ယင်းကဲ့သို့ပင် ​တွေး၏။

သူက ကျ​နော့်ကို သူ့ဆုံးဖြတ်ချက်ပြောပြရင်း မေးခွန်းတခုမေး၏။ သူသည် အမျိုးသားစာ​ပေဆု မရနိုင်ဘူး ထင်ပါသလားဟု မေး၏။ ထိုအခါ ကျနော့်မှာ အ​ဖြေရခက်ရပြန်သည်။

သူသည် သူ့စာ​ပေအသိုင်းအဝိုင်းအတွင်း ထိပ်ဆုံးတန်းကရပ်သည့် ကဗျာဆရာဖြစ်သည်။ သူ့ကဗျာများမှာ သူကျင်လည်ရာ မဂ္ဂဇင်းများတွင် ယှဥ်နိုင်သူရှား၏။ ယှဥ်နိုင်သူ နှစ်​ယောက် သုံး​ယောက်မှာလည်း အမျိုးသားစာ​ပေဆု ရပြီးသူများ ဖြစ်​နေသည်။ ထို့ပြင် အမျိုးသားစာ​ပေဆုရ ကဗျာများမှာ အခြားနယ်ပယ်မှ ကဗျာအမျိုးအစားကဗျာများကို ပေး​လေ့​ပေးထ လုံးဝမရှိ။ ထို့​ကြောင့် သည်နှစ်အဖို့ အမျိုးသားစာ​ပေဆု(ကဗျာ)ကို သူသာလျှင် ရဖို့​သေချာသည်ဟု ပြော၏။ သူ​ပြောပြသည့် အ​ကြောင်းပြချက်ကို ခင်ဗျား ငြင်းနိုင်သလားဟု ကျ​နော့်ကို​မေး​သောအခါ ကျ​နော့်မှာ ယတိပြတ်မငြင်းနိုင်။ သူ​ပြောသည့် အ​ကြောင်းပြချက်ကလည်း မှန်သင့်သ​လောက် မှန်​နေပြန်သည်။ ထို့​ကြောင့် ကဗျာစာအုပ် ထုတ်​ဝေမည့် သူ့ဆုံးဖြတ်ချက်ကို ကျ​နော့်မှာ မတားမြစ်နိုင်​တော့ပါ။

နောက်တလခန့်ရှိ​သောအခါ ကဗျာဆရာ ရွက်ဝါ၏ ကဗျာစာအုပ် ထွက်လာခဲ့ပါသည်။

(၃)

နှစ်ကုန်လို့ နောက်နှစ်အစတွင် အမျိုးသားစာ​ပေဆုများ ကြေညာလာခဲ့၏။

ထိုနှစ်က ကျ​နော့်အသိ ဒဏ်ရာရစစ်သားကဗျာဆရာ ရွက်ဝါ၏ ကဗျာစာအုပ် အမျိုးသားစာ​ပေဆု(ကဗျာ) မရရှိပါ။ ထိုနှစ်က အမျိုးသားစာ​ပေဆု(ကဗျာ)ကို ကဗျာဆရာ မြင်းမူ​မောင်နိုင်မိုး ရသွား၏။ မြင်းမူ​မောင်နိုင်မိုးမှာ ထိုစဥ်က စစ်တပ်မှ ဗိုလ်ကြီးတဦး ဖြစ်​လေသည်။

သည့်​နောက်ပိုင်း ကျ​နော့်မိတ်​ဆွေ စစ်သားကဗျာဆရာ ရွက်ဝါကို ကျ​နော် မ​တွေ့​တော့ပါ။ သူသည် တပ်မှထွက်ပြီး​နောက် အညာဘက်သို့ ပြောင်း​ရွှေ့သွားသည်ဟူ၍သာ ကျ​နော် သိခဲ့ရ၏။

ယခု နှစ်​ပေါင်းများစွာကြာခဲ့ပြီ။ သူနှင့်ကျ​နော် တကြိမ်မျှပင် ပြန်မဆုံဖြစ်​တော့။ သို့​သော် ဘာ့​ကြောင့်ရယ်မသိ အမျိုးသားစာ​ပေဆုများ ကြေညာသည့်အချိန်များတွင်မူ ကဗျာဆရာ “ရွက်ဝါ” ကို အစဥ်အမြဲ သတိရ​နေတတ်သည်က​တော့ အမှန်ပင်ဖြစ်ပါသည်။       ။

ငြိမ်း​ဝေ(ကဗျာ့အိုး​ဝေ)

Up