ကနေဒါတွင် မီးဘေးနှင့်ရေကြီးမှုကြောင့် လူသောင်းချီ ဘေးလွတ်ရာရွှေ့ပြောင်း

ကနေဒါနိုင်ငံအနောက်ပိုင်းမှာ တပတ်အတွင်း စံချိန်တင်ရာသီဥတု ပူပြင်းခဲ့တဲ့အတွက် အယ်လ်ဘာတာမှာ တောမီးတွေ လောင်ကျွမ်းနေပြီး ဆီးနှင်းတွေ အရည်ပျော်ကာ ဗြိတိန် ကိုလံဘီယာအတွင်းပိုင်းမှာ ရေလျှံမှုတွေ ဖြစ်ပေါ်နေတာကြောင့် သောင်းနဲ့ချီတဲ့ လူတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
မေ ၅ ရက်က အယ်လ်ဘာတာမှာ ၇၈ ကြိမ် မီးလောင်ခဲ့ပြီး လူ ၁၃၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပြီး ဖော့စ်ရေကန်မီးလောင်မှုကြောင့် အိမ်ခြေ ၂၀ နဲ့ ရဲစခန်းတို့ မီးလောင် ဆုံးရှုံး ခဲ့ပါတယ်။
အယ်လ်ဘာတာမှာ ယခုနှစ်အတွင်း တောမီး ၃၄၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ဟက်တာ ၂၅၀၀ ကျော် လောင်ကျွမ်းခဲ့ကြောင်း အချက်အလက်ယူနစ်မန်နေဂျာ ခရစ်စတီ တက်ကာ က ဆိုပါတယ်။
"ဒါဟာ မကြာသေးခင်က ကျနော်တို့ တွေ့ဖူးသမျှကာလတွေထက် ဒီနှစ်ရဲ့တောမီးက ပိုသိသာ တယ်" လို့ တက်ကာက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး တောမီးတွေဟာ ပိုမို ပြင်းထန်လာမယ်လို့ မျှော်လင့်ထားပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အထိ ကနေဒါနိုင်ငံအနောက်ပိုင်းမှာ နွေဦးရာသီကို ကြန့်ကြန့်ခံနိုင်ခဲ့ပေမဲ့ မေလ အစောပိုင်းမှာ ပျမ်းမျှ ၁၀ ကနေ ၁၅ ဒီဂရီစင်တီဂရိတ်ထက်ပိုလာတဲ့အတွက် မီးလောင်မှုနဲ့ ရေကြီးမှု နှစ်ခုစလုံးဖြစ်ခဲ့ပါတယ်။
ဗြိတိန်ကိုလံဘီယာ အစိုးရရဲ့ ခန့်မှန်းချက်အရ သီတင်းပတ်ကုန်မှာ မိုးသည်းထန်စွာ ရွာသွန်း နိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့ ပြည်သူလူထုကို တိုက်တွန်းထားပါတယ်။