close

ကွန်ဂိုတွင် ရေကြီးမှုကြောင့် လူ ၄၀၀ ကျော်သေဆုံးပြီး ရာချီပျောက်ဆုံးနေ

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းမှာ ရုတ်တရက် ရေကြီးမှုကြောင့် လူ ၄၀၀ ကျော် သေဆုံးခဲ့ပြီး ဒီဖြစ်စဉ်ဟာ သမိုင်းမှာ နိုင်ငံရဲ့ လူအသေအပျောက်အများဆုံး‌ သဘာဝဘေးအန္တရာယ်တွေထဲက တခုဖြစ်ပါတယ်။

မေ ၄ ရက်က မိုးသည်းထန်စွာ စတင်ရွာသွန်းခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ မြေပြိုမှုတွေဖြစ်ပွားကာ မြစ်ချောင်းတွေ၊ ကမ်းပါးပြိုကျမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

သောကြာနေ့မှာတော့ လူပေါင်း ၁၇၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းရရှိပြီး စေတနာ့ဝန်ထမ်းတွေက ရွှံ့ထဲမှာရှိတဲ့ ရုပ်အလောင်းတွေကို ဆယ်ယူဖို့ ကူညီခဲ့ကြပြီး လူရာပေါင်းများစွာ ပျောက်ဆုံးနေ‌တယ်လို့လည်း သိရပါတယ်။

နိုင်ငံရဲ့ ကလာဟီနယ်မြေမှာရှိတဲ့ ဘုရှုရှုနဲ့ နာမူကူဘိုင်ရွာ ၂ ရွာမှာ ရေလွှမ်းမိုးမှုကြောင့် ရုပ်အလောင်းတွေကို ထပ်မံတွေ့ရှိခဲ့ပါတယ်။

အခုအခါ သေဆုံးသူ ၄၀၁ ယောက်ရှိပြီလို့ ကီဗျုတောင်ပိုင်းအုပ်ချုပ်ရေးမှူး သီအို ကစီက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ် ခရစ်ယာန် ဇီဟင်ဒူလာက “ဒါဟာ‌ ကျနော်တို့ ကြုံဖူးသမျှထဲမှာ အဆိုးရွားဆုံး ရေကြီးမှုပါပဲ။ ကီဗျုရေကန်ထဲမှာ အလောင်းတွေက အခုထိ မျောနေတုန်းပဲ” လို့ ပြောပါတယ်။

ကွန်ဂိုအစိုးရဟာ မေလ ၈ ရက်နေ့ကို အမျိုးသားဝမ်းနည်းခြင်းနေ့အဖြစ် သတ်မှတ်ကြေညာခဲ့ပြီး သေဆုံးသူတွေရဲ့ အောက်မေ့ဖွယ်အဖြစ် အလံတဝက် လွှင့်ထူစေခဲ့ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာ‌နာထောက်ထားမှုဆိုင်ရာ အေဂျင်စီ (OCHA) ကလည်း ရေကြီးမှုကြောင့် မိသားစု ၃,၀၀၀ ခန့် အိုးအိမ်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ပြောခဲ့ပြီး အပူချိန် မြင့်တက်လာမှုကြောင့် အာဖရိကတဝန်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ မိုးရေချိန်တိုးလာကြောင်း ကုလသမဂ္ဂ ရာသီဥတုကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

မနှစ်ကလည်း ကင်ရှာဆာမှာ ရေကြီးမှုကြောင့်လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

Source - Sky News

Up