အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ ပြင်သစ်နဲ့ ဗိုလ်လုပွဲမှာဂိုးသွင်းနိုင်ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲ တပွဲရဲ့အုပ်စုအဆင့်ကနေ ဗိုလ်လုပွဲအထိ အဆင့်တိုင်းမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။
မက်ဆီဟာ အုပ်စုအဆင့်မှာ ၂ ဂိုးသွင်းခဲ့ပြီး ၁၆သင်းအဆင့်၊ ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်တွေမှာ တစ်ဂိုးစီ၊ ဗိုလ်လုပွဲမှာတစ်ဂိုး သွင်းယူနိုင်ခဲ့တာပါ။
ဒါ့အပြင် ပြင်သစ်နဲ့ ဗိုလ်လုပွဲစဉ်မှာ ၂၆ ပွဲပြည့်ခဲ့တဲ့ မက်ဆီဟာ ကမ္ဘာ့ဖလားသမိုင်း တလျှောက် ပွဲအများဆုံးပါဝင်ကစားတဲ့ ကစားသမားအဖြစ်စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ ပုံမှန်ပွဲချိန်နဲ့အချိန်ပိုမှာ ပြင်သစ်အသင်းနဲ့ ၃ ဂိုးစီသရေကျခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်မှာအနိုင်ရပြီး ၁၉၈၆ ခုနှစ် မာရာဒိုနာခေတ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံဆုဖလားရယူနိုင်ခဲ့ပါတယ်။
ဗိုလ်လုပွဲစဉ်မှာ ဟတ်ထရစ်သုံးဂိုးသွင်းခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေကတော့ ၁၉၆၆ ခုနှစ်နောက်ပိုင်း ဗိုလ်လုပွဲစဉ်မှာ ဟတ်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
မက်ဆီဟာ ချန်ပီယံဆုနဲ့ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားတွေကို ပေးအပ်တဲ့ ရွှေဘောလုံးဆုတွေလည်း ရယူနိုင်ခဲ့ပြီး ဂိုးသွင်း အများဆုံးရွှေဖိနပ်ဆုကိုတော့ အမ်ဘာပေက ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ရဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းက လက်ရှိချန်ပီယံ ပြင်သစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလားကို ၃ ကြိမ်မြောက်ဗိုလ်စွဲသွားပါတယ်။
ဒီပွဲမှာ အာဂျင်တီးနားအသင်းက ဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက်ကန်သွင်းခွင့်တွေပါ ပိုရခဲ့ပြီး အဖွင့်ဂိုးကိုတော့ ပွဲချိန် ၂၃ မိနစ်မှာ မက်ဆီက ပင်နယ်တီကနေတဆင့် သွင်းယူခဲ့တာပါ။ အာဂျင်တီးနားအတွက် ဒုတိယ ဂိုးကိုတော့ ပွဲချိန် ၃၆ မိနစ်မှာ မက်အယ်လစ်စတာရဲ့ ပေးပို့မှုကနေ ဒီမာရီယာက သွင်းပေးခဲ့ပြီး ပထမပိုင်းမှာပဲ အာဂျင်တီးနားအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရနေတာပါ။
ဒုတိယပိုင်း ပွဲချိန် မိနစ် ၈ဝ မှာတော့ ပြင်သစ်အသင်းအတွက် ပထမ ချေပဂိုးကို အန်ဘာပေးက ပင်နယ်တီကနေတဆင့် သွင်းယူပေးခဲ့ပြီး နောက်တမိနစ်အကြာမှာပဲ သူရမ်ရဲ့ ဘောလုံး ပေးပို့မှုကနေတဆင့် အန်ဘာပေကပဲ နောက်ထပ် ချေပဂိုး သွင်းယူပေးခဲ့လို့ ဒုတိယပိုင်းအပြီးမှာ တဖက် ၂ ဂိုးစီသရေကျနေခဲ့ပါတယ်။
အချိန်ပိုထပ်ကန်ရာမှာတော့ ပွဲချိန် ၁၀၈ မိနစ်မှာ မက်ဆီက အာဂျင်တီးနားအသင်းအတွက် တတိယ အနိုင်ဂိုးသွင်းယူပေးခဲ့သလို ပွဲချိန် ၁၁၈ မိနစ်မှာ ပြင်သစ်အတွက် ချေပဂိုးကို အန်ဘာပေက သွင်းယူခဲ့လို့ ၃ ဂိုးစီသရေကျနေခဲ့ပါတယ်။
ပင်နယ်တီ အဆုံးအဖြတ်ကန်ရာမှာတော့ အာဂျင်တီးနားအသင်းက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။
အာဂျင်တီးနားက ၁၉၇၈ ခုနှစ်နဲ့ ၁၉၈၆ ခုနှစ်တွေမှာ နှစ်ကြိမ် ဗိုလ်စွဲခဲ့ဖူးပြီး အခုတကြိမ် တတိယအကြိမ်မြောက် ဗိုလ်စွဲတာဖြစ်ပါတယ်။
အာဂျင်တီးနား အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ဆော်ဒီအာရေဗျကို ရှုံးနိမ့်ခဲ့ပေမဲ့ နောက်ပွဲတွေမှာ တောက်လျှောက်အနိုင်ရပြီး ကွာတားဖိုင်နယ်မှာ နယ်သာလန်၊ ဆီမီးဖိုင်နယ်မှာ ခရိုအေးရှားကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲ တက်လာခဲ့တာဖြစ်ပါတယ်။
ပြင်သစ်အသင်းကလည်း အုပ်စုဗိုလ်အဖြစ်နဲ့ တက်လာပြီး ကွာတားဖိုင်နယ်မှာ အင်္ဂလန်၊ ဆီမီးဖိုင်နယ်မှာ မော်ရိုကို အသင်းတွေကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲတက်လာတာဖြစ်ပါတယ်။
၁၉၉၈ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်တွေမှာ နှစ်ကြိမ် ဗိုလ်စွဲထားတဲ့ ပြင်သစ်အသင်းကတော့ ကမ္ဘာ့ဖလားထပ်ယူဖို့ ရည်မှန်းချက် မအောင်မြင်ဘဲ ဒုတိယဆုနဲ့သာ ကျေနပ်လိုက်ရပါတယ်။
ကာတာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို လျော်ကြေးပေးဖို့ ကိစ္စမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုအနေနဲ့ ကြားဝင်ညှိနှိုင်းပေးဖို့ နီပေါလူမှုအဖွဲ့အစည်း ၃၀ ကျော်က တောင်းဆိုလိုက်ပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေဟာ ကာတာဆီကနေ ရရှိရမယ့် ငွေကြေးတွေကို ပေးဖို့ အငြင်းခံနေရတာကြောင့် လျော်ကြေးပေးဖို့ တောင်းဆိုနေကြတာပါ။
၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံ ကာတာဟာ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ဆက်ဆံပုံနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ရင်ဆိုင်နေရပါတယ်။
ကာတာအစိုးရဟာ သူ့နိုင်ငံရဲ့ အလုပ်သမားစနစ်ဟာ လုပ်ဆောင်ဆဲဖြစ်ကြောင်း ပြောထားပေမဲ့ အိမ်ရှင်နိုင်ငံအတွင်း ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အပိတ်ခံထားရပြီး ခေါင်းပုံဖြတ်ခံနေရတယ်ဆိုတဲ့ ၂၀၂၁ ခုနှစ် Amnesty International အစီရင်ခံစာရဲ့ စွပ်စွဲချက်တွေကိုတော့ ငြင်းဆိုထားပါတယ်။
အင်ဖန်တီနိုဆီ အိတ်ဖွင့်ပေးစာထဲမှာ နီပေါအဖွဲ့အစည်း အများအပြားက သူတို့ မတရား ပြုကျင့်ခံခဲ့ရကြောင်း ပြောပြခဲ့ကြတဲ့ အလုပ်သမားတွေနဲ့ ချစ်ခင်ရသူတွေကို ဆုံးရှုံးခဲ့ကြရတဲ့ မိသားစုတွေအတွက် လျော်ကြေးငွေတွေကို တောင်းဆိုခဲ့ကြပါတယ်။
စာထဲမှာ အလုပ်သမားတွေ နီပေါကို ပြန်လာပြီဆိုရင် ခိုးယူခံထားရတဲ့ လုပ်ခကို ပြန်ရရှိဖို့အတွက် ကာတာက တည်ထောင်ထားတဲ့ လျော်ကြေးရန်ပုံငွေကို လက်လှမ်းမီဖို့ မဖြစ်နိုင်တော့ဘူး လို့ ဆိုထားပါတယ်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ရဲ့ အဆိုအရ နီပေါနိုင်ငံမှ လုပ်သား ၄ သိန်းလောက်ဟာ ကာတာနိုင်ငံရှိ ကဏ္ဍအသီးသီးမှာ အလုပ်လုပ်နေကြပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့အတွက် လိုအပ်တဲ့ ဧရာမ အခြေခံအဆောက်အဦ ပရောဂျက်တွေကို တည်ဆောက်ရာမှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
FIFA နဲ့ ပြိုင်ပွဲကျင်းပရေး ဗဟိုကော်မတီ တို့ကတော့ ဒီကိစ္စအပေါ် ချက်ချင်း မှတ်ချက် မပေးသေးပါဘူး။