close

ဂျာမနီ

close

May 12, 2023

ဂျာမနီရှိ မာစီဒီးစ်ကား ထုတ်လုပ်ရေးစက်ရုံတွင် ပစ်ခတ်မှုဖြစ်ပြီး ၂ ဦး သေဆုံး

ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်းရှိ မာစီဒီးစ်ဘန့်ဇ် မော်တော်ကားထုတ်လုပ်ရေးစက်ရုံမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် မေ ၁၁ ရက်က အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး သံသယရှိသူ ၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံမှာ တင်းကျပ်ထားပြီးသား သေနတ်ဥပဒေတွေကို ပိုပြီးတင်းကျပ်ဖို့ ဘာလင်အစိုးရအပေါ် ဖိအားတွေ တိုးလာနေပါတယ်။

ဂျာမန်တောင်ပိုင်း ဆင်းဒလ်ဖင်းဂန်မြို့ရှိ မာစီဒီးစ်စက်ရုံမှာ လုံခြုံရေးဝန်ထမ်းတွေရဲ့ ရှေ့မှောက်မှာပဲ ဓားစာခံတွေကို ပစ်ခတ်ခဲ့တဲ့ အသက် ၅၃ နှစ်အရွယ် သံသယရှိသူကို ဝိုင်းဝန်းချုပ်နှောင် ဖမ်းဆီးခဲ့ပြီး ရဲတွေဆီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ ဒေသဆိုင်ရာ အစိုးရရှေ့နေရုံးတို့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သံသယရှိသူဟာ ဖမ်းဆီးတာကို မခုခံခဲ့ကြောင်းနဲ့ သေဆုံးသူ ၂ ဦးစလုံး အသက် ၄၄ နှစ်အရွယ်တွေဖြစ်ကြပြီး ဒဏ်ရာတွေကြောင့် သေဆုံးသွားတယ်လို့လည်း ဆိုပါတယ်။

မနေ့က ပစ်ခတ်မှုရဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးသူတွေက မဖော်ထုတ်ရသေးပါဘူး။

သေနတ်သမားနဲ့ သေဆုံးသူ ၂ ဦးတို့ဟာ ပြင်ပဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းက ပုဂ္ဂိုလ်တွေ ဖြစ်ကြောင်း  မာစီဒီးစ်ဘန့်ဇ် ကုမ္ပဏီက ပြောပါတယ်။

ဝမ်းနည်းကြေကွဲဖွယ်သတင်းကြောင့် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်မိကြောင်း မာစီဒီးစ်ကုမ္ပဏီက ထုတ်ပြန်ချက်တခုမှာ ပြောကြားပြီး ဒေသခံတွေနဲ့ စက်ရုံအလုပ်သမားတွေ အတွက် ဘာအန္တရာယ်မှ မရှိတော့ကြောင်းလည်း ဆိုပါတယ်။

သံသယရှိသူဟာ ဒေသစံတော်ချိန် မနက် ၇ နာရီ ၄၅ မိနစ်မှာ အခင်းဖြစ်ပွားရာနေရာကို ဝင်ရောက်လာပြီး ပစ်ခတ်မှုဖြစ်ပွားပြီးနောက်မှာ လုပ်သားအင်အား ၃၅,၀၀၀ ရှိတဲ့ စက်ရုံရဲ့ ထုတ်လုပ်ရေးအပိုင်းကို ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရကြောင်း ရဲတပ်ဖွဲ့နဲ့ စတုဂတ် အစိုးရရှေ့နေတို့က ပြောကြားခဲ့ပါတယ်။

လတ်တလောနှစ်တွေအတွင်း ဂျာမနီမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှု အများအပြားထဲမှာ ခုဖြစ်ရပ်က နောက်ဆုံးဖြစ်ပြီး အများစုဟာ အစွန်းရောက်ဝါဒနဲ့ ဆက်နွှယ်မှုရှိကြပါတယ်။

2 hours Ago

ဂျာမနီက ယူကရိန်းဒုက္ခသည်များအတွက် ယူရို ၁ ဘီလီယံ သုံးမည်

ဂျာမနီအစိုးရဟာ ဂျာမနီနိုင်ငံဆီ ရောက်လာတဲ့ ယူကရိန်းနိုင်ငံက အများစုအပါအဝင် ဒုက္ခသည်တွေအတွက် ကုန်ကျစရိတ်တွေကို ကာမိစေဖို့ ၂၀၂၃ ခုနှစ်မှာ နောက်ထပ် ယူရို ၁ ဘီလီယံ သုံးစွဲမယ်လို့ ဂျာမန်အဓိပတိ အိုလာ့ဖ်ရှို့လ်ဇ်က မေ ၁၀ ရက်နှောင်းပိုင်းမှာ ပြောခဲ့ပါတယ်။

သူနဲ့ ပြည်နယ်ဝန်ကြီးချုပ် ၁၆ ဦးတို့ နာရီအတော်ကြာ ဆွေးနွေးခဲ့ကြပြီးနောက် ဘာလင်မြို့တော်က အဓိပတိရုံးမှာ ရှို့လ်ဇ်က သတင်းထောက်တွေကို ပြောခဲ့တာပါ။

ရှို့လ်ဇ်နဲ့ သူ့ရဲ့ဘဏ္ဍာရေးဝန်ကြီး ခရစ်စီယံလင်ဒ်နာက ဂျာမနီနိုင်ငံရဲ့ ပြည်နယ် ၁၆ ခုမှာရှိတဲ့ မြူနီစီပယ်နယ်မြေတွေအတွက် အစိုးရအနေနဲ့ ပိုက်ဆံပိုမပေးနိုင်ဘူးလို့ အရင်က ပြောခဲ့ပါတယ်။

ဂျာမနီဟာ ယူကရိန်းစစ်ပွဲ ဖြစ်ပွားကတည်းက ယူကရိန်းဒုက္ခသည် တသန်းလောက်ကို လက်ခံ စာရင်းသွင်းထားတယ်လို့ ရှို့လ်ဇ်က ပြောပါတယ်။

“တချိန်တည်းမှာပဲ တခြားနိုင်ငံတွေကနေ လာပြီး ဂျာမနီမှာ ခိုလှုံခွင့်တောင်းခံသူ အရေအတွက် တိုးလာတယ်” လို့ ရှို့လ်ဇ်က ပြောပါတယ်။

ဂျာမနီရွှေ့ပြောင်းနေထိုင်မှုနှင့် ဒုက္ခသည်များအတွက် အေဂျင်စီ (Bamf) ဟာ အခုနှစ် ပထမလေးလအတွင်း ခိုလှုံခွင့်တောင်းခံသူ ၁၀၂,၀၀၀ နီးပါးကို   မှတ်ပုံတင်ခဲ့ပြီး ၂၀၂၂ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၇၈ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။

2 hours Ago

May 8, 2023

ဂျာမနီတွင် ပျက်စီးနေ့သည့်တံတား ၁ ခုကို ဖောက်ခွဲဖျက်ဆီး

ဂျာမန်အနောက်ပိုင်း လူဒန်ရှိုက်မြို့နားက A 45 အော်တိုဘာဟန်မှာရှိတဲ့ ပျက်စီးနေတဲ့ ရာမန်ဒက်တယ်လ်တံတားကို မေ ၇ ရက်မှာ ထိန်းချုပ်ဖောက်ခွဲခဲ့လို့ ပြိုကျသွားခဲ့ပါတယ်။

ပရိသတ် အများအပြားက ဒီမြင်ကွင်းကို ကြည့်ဖို့ အဝေးကနေ စုဝေးခဲ့ကြပြီး သူတို့ရဲ့ စမတ်ဖုန်း တွေနဲ့ ဓာတ်ပုံတွေ ရုပ်သံတွေ  ရိုက်ကူးခဲ့ကြပါတယ်။

လာကြည့်သူ တဦးက"ဖောက်ခွဲမှုက အရမ်းကောင်းတယ်။ ငယ်ငယ်က ဆောက်ထားတဲ့ တံတားကို မြင်ခဲ့ရပြီး အခုလည်း ဖြိုချခံရတာကို မြင်ချင်ခဲ့တယ်" လို့ ပြောပါတယ်။

ဂျာမန်သယ်ယူပို့ဆောင်ရေးဝန်ကြီး ဗော့ခ်ခါ ဝစ်ဆင်းက "အစားထိုးအဆောက်အအုံသစ်ကို အမြင့်ဆုံးအမြန်နှုန်းနဲ့ ဆောက်နိုင်စေဖို့ ကျနော်တို့ တတ်နိုင်သမျှ လုပ်ဆောင်မယ်”လို့ ပြောရင်း ကတိပြုခဲ့ပါတယ်။ 

၁၉၆၅ ခုနှစ်ကနေ ၁၉၆၈ ခုနှစ်အတွင်း တည်ဆောက် ခဲ့တဲ့ ၄၅၃ မီတာရှည်တဲ့ တံတားကို ဖြိုချဖို့ ဖောက်ခွဲရေးပစ္စည်း ၁၅၀ ကီလိုဂရမ် လိုအပ်ခဲ့ပါတယ်။

4 days Ago
Up