အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ ပြင်သစ်နဲ့ ဗိုလ်လုပွဲမှာဂိုးသွင်းနိုင်ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲ တပွဲရဲ့အုပ်စုအဆင့်ကနေ ဗိုလ်လုပွဲအထိ အဆင့်တိုင်းမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။
မက်ဆီဟာ အုပ်စုအဆင့်မှာ ၂ ဂိုးသွင်းခဲ့ပြီး ၁၆သင်းအဆင့်၊ ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်တွေမှာ တစ်ဂိုးစီ၊ ဗိုလ်လုပွဲမှာတစ်ဂိုး သွင်းယူနိုင်ခဲ့တာပါ။
ဒါ့အပြင် ပြင်သစ်နဲ့ ဗိုလ်လုပွဲစဉ်မှာ ၂၆ ပွဲပြည့်ခဲ့တဲ့ မက်ဆီဟာ ကမ္ဘာ့ဖလားသမိုင်း တလျှောက် ပွဲအများဆုံးပါဝင်ကစားတဲ့ ကစားသမားအဖြစ်စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ ပုံမှန်ပွဲချိန်နဲ့အချိန်ပိုမှာ ပြင်သစ်အသင်းနဲ့ ၃ ဂိုးစီသရေကျခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်မှာအနိုင်ရပြီး ၁၉၈၆ ခုနှစ် မာရာဒိုနာခေတ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံဆုဖလားရယူနိုင်ခဲ့ပါတယ်။
ဗိုလ်လုပွဲစဉ်မှာ ဟတ်ထရစ်သုံးဂိုးသွင်းခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေကတော့ ၁၉၆၆ ခုနှစ်နောက်ပိုင်း ဗိုလ်လုပွဲစဉ်မှာ ဟတ်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
မက်ဆီဟာ ချန်ပီယံဆုနဲ့ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားတွေကို ပေးအပ်တဲ့ ရွှေဘောလုံးဆုတွေလည်း ရယူနိုင်ခဲ့ပြီး ဂိုးသွင်း အများဆုံးရွှေဖိနပ်ဆုကိုတော့ အမ်ဘာပေက ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
၂၀၂၂ ကာတာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမား ရွှေဘောလုံးဆုကို အာဂျင်တီးနားအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီကရရှိသွားပါတယ်။
ပွဲစဉ်တလျှောက် သွင်းဂိုးအများဆုံး ရွှေဖိနပ်ဆုကိုတော့ မက်ဆီထက် ၁ ဂိုးအသာ ၈ ဂိုးသွင်းယူခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေးက ရရှိသွားပါတယ်။ အမ်ဘာပေဟာ နောက်ဆုံးဗိုလ်လုပွဲမှာ ဟတ်ထရစ် ၃ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
အကောင်းဆုံး ဂိုးသမားတွေကိုပေးအပ်တဲ့ ရွှေလက်အိပ်ဆုကိုတော့ အာဂျင်တီးနား ဂိုးသမား မာတီနက်ဇ်က ရရှိသွားပြီး အကောင်းဆုံးလူငယ်ကစားသမားဆုကိုလည်း အာဂျင်တီးနားအသင်း ကွင်းလယ်ကစားသမား အသက် ၂၁ နှစ်အရွယ် အန်ဇိုဖာနန်ဒတ်ဇ်က ရရှိသွားပါတယ်။
၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ရဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းက လက်ရှိချန်ပီယံ ပြင်သစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလားကို ၃ ကြိမ်မြောက်ဗိုလ်စွဲသွားပါတယ်။
ဒီပွဲမှာ အာဂျင်တီးနားအသင်းက ဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက်ကန်သွင်းခွင့်တွေပါ ပိုရခဲ့ပြီး အဖွင့်ဂိုးကိုတော့ ပွဲချိန် ၂၃ မိနစ်မှာ မက်ဆီက ပင်နယ်တီကနေတဆင့် သွင်းယူခဲ့တာပါ။ အာဂျင်တီးနားအတွက် ဒုတိယ ဂိုးကိုတော့ ပွဲချိန် ၃၆ မိနစ်မှာ မက်အယ်လစ်စတာရဲ့ ပေးပို့မှုကနေ ဒီမာရီယာက သွင်းပေးခဲ့ပြီး ပထမပိုင်းမှာပဲ အာဂျင်တီးနားအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရနေတာပါ။
ဒုတိယပိုင်း ပွဲချိန် မိနစ် ၈ဝ မှာတော့ ပြင်သစ်အသင်းအတွက် ပထမ ချေပဂိုးကို အန်ဘာပေးက ပင်နယ်တီကနေတဆင့် သွင်းယူပေးခဲ့ပြီး နောက်တမိနစ်အကြာမှာပဲ သူရမ်ရဲ့ ဘောလုံး ပေးပို့မှုကနေတဆင့် အန်ဘာပေကပဲ နောက်ထပ် ချေပဂိုး သွင်းယူပေးခဲ့လို့ ဒုတိယပိုင်းအပြီးမှာ တဖက် ၂ ဂိုးစီသရေကျနေခဲ့ပါတယ်။
အချိန်ပိုထပ်ကန်ရာမှာတော့ ပွဲချိန် ၁၀၈ မိနစ်မှာ မက်ဆီက အာဂျင်တီးနားအသင်းအတွက် တတိယ အနိုင်ဂိုးသွင်းယူပေးခဲ့သလို ပွဲချိန် ၁၁၈ မိနစ်မှာ ပြင်သစ်အတွက် ချေပဂိုးကို အန်ဘာပေက သွင်းယူခဲ့လို့ ၃ ဂိုးစီသရေကျနေခဲ့ပါတယ်။
ပင်နယ်တီ အဆုံးအဖြတ်ကန်ရာမှာတော့ အာဂျင်တီးနားအသင်းက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။
အာဂျင်တီးနားက ၁၉၇၈ ခုနှစ်နဲ့ ၁၉၈၆ ခုနှစ်တွေမှာ နှစ်ကြိမ် ဗိုလ်စွဲခဲ့ဖူးပြီး အခုတကြိမ် တတိယအကြိမ်မြောက် ဗိုလ်စွဲတာဖြစ်ပါတယ်။
အာဂျင်တီးနား အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ဆော်ဒီအာရေဗျကို ရှုံးနိမ့်ခဲ့ပေမဲ့ နောက်ပွဲတွေမှာ တောက်လျှောက်အနိုင်ရပြီး ကွာတားဖိုင်နယ်မှာ နယ်သာလန်၊ ဆီမီးဖိုင်နယ်မှာ ခရိုအေးရှားကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲ တက်လာခဲ့တာဖြစ်ပါတယ်။
ပြင်သစ်အသင်းကလည်း အုပ်စုဗိုလ်အဖြစ်နဲ့ တက်လာပြီး ကွာတားဖိုင်နယ်မှာ အင်္ဂလန်၊ ဆီမီးဖိုင်နယ်မှာ မော်ရိုကို အသင်းတွေကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲတက်လာတာဖြစ်ပါတယ်။
၁၉၉၈ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်တွေမှာ နှစ်ကြိမ် ဗိုလ်စွဲထားတဲ့ ပြင်သစ်အသင်းကတော့ ကမ္ဘာ့ဖလားထပ်ယူဖို့ ရည်မှန်းချက် မအောင်မြင်ဘဲ ဒုတိယဆုနဲ့သာ ကျေနပ်လိုက်ရပါတယ်။
ကာတာကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဒီနေ့ မနက်အစောပိုင်းကန်သွားတဲ့ ပြင်သစ်အသင်းနဲ့ မော်ရိုကိုတို့ပွဲစဉ်မှာ လက်ရှိချန်ပီယံ ပြင်သစ်အသင်းက (၂–၀) ဂိုးနဲ့အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
ပြင်သစ်အသင်းအတွက် အနိုင်ဂိုးကိုတော့ ပထမပိုင်း ပွဲချိန် ၅ မိနစ်မှာ ဟာနန်ဒတ်စ်က အဖွင့်ဂိုးကန်သွင်းပေးခဲ့ပြီး ပထမပိုင်းမှာပဲ ပြင်သစ်က တဂိုးအသာနဲ့ အနိုင်ရနေတာဖြစ်ပါတယ်။
ဒီပွဲမှာ ပြင်သစ်အသင်းက ဂိုးပေါက်ကန်သွင်းခွင့်တွေပိုရခဲ့ပြီး ဒုတိယပိုင်းပွဲချိန် ၇၉ မိနစ်မှာ အမ်ဘာပေးရဲ့ ဘောလုံးပေးပို့မှုကနေ ကိုလိုမူအာနီက ပြင်သစ်အတွက် ဒုတိယအနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေကတော့ ဂိုးထပ်သွင်းယူနိုင်ခြင်းမရှိခဲ့ပဲ မက်ဆီနဲ့အတူ သွင်းဂိုး ၅ ဂိုးစီနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားသွင်းဂိုးအများဆုံး ကစားသမားအဖြစ်ဆက်ရှိနေပါတယ်။
ဒီပွဲမှာ အနိုင်ရသွားတဲ့ ပြင်သစ်အသင်းဟာ အာဂျင်တီးနားအသင်းနဲ့ နောက်ဆုံးဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၈ ရက်မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။