close

ကယားပြည်နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲပြင်းထန်

ကယားပြည်နယ်ထဲက ဒီးမော့ဆိုနဲ့ ဘော်လခဲမြို့နယ်တွေမှာ မေလ ၂၁ ရက် ဒီနေ့မနက်ပိုင်းကစပြီး ညပိုင်းအထိ  စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တနေကုန်နီးပါး ပစ်ခတ်တိုက်ခိုက်မှုတွေ အပြင်းအထန်ဖြစ်ပွားပြီး  နှစ်ဖက်ထိခိုက် အကျဆုံးရှိခဲ့ပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ ဒီကနေ့မနက်ပိုင်း ၈ နာရီလောက်ကတည်းက   စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနေရာယူထားတဲ့ မြို့နယ်ထွေအုပ်ရုံးနဲ့ အားကစားရုံရှေ့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မွန်းလွဲပိုင်းမှာတော့ ဒီးမော့ဆိုမြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

“ရဲစခန်းအနောက်ကျောကနေ သွားတိုက်ပြီးတော့ ဗုံးတွေပစ်ထည့်ပြီးတော့ သေနတ်တွေပစ်တော့ အပြန်အလှန်ပစ်တော့ ၁၀ မိနစ်လောက်ပစ်ပြီးတော့ ပြန်ဆုတ်လာလိုက်တယ်။ ”

အလားတူ ဒီးမော့ဆိုမြို့နယ်က  ဒေါတဝီဂိတ်ကိုလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ပြည့်သူကာကွယ်ရေးတပ်အဖွဲ့တွေ ပူးပေါင်းပြီး သိမ်းပိုက်ခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ညနေ ၆  နာရီလောက်မှာတော့ ဒီးမော့ဆိုမြို့နယ် ပူးပေါင်းစစ်ရေးရေးဂိတ်တခုဖြစ်တဲ့ ထူးလွီးဘီလာ ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်က သွားရောက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ 

အလားတူ ဘောလခဲမြို့နယ်မှာလည်း  နန်းဖမ်းကျေးရွာထိပ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး သွားရောက်သိမ်းပိုက်ခဲ့ပါတယ်။ 

“ နန်းဖဲစခန်းက သိမ်းလိုက်တာ၊  နေရာတော့မယူဘူး။ သိမ်းပြီးတော့ ပြန်ထွက်တယ်။ ”

ဒီလိုတိုက်ပွဲတွေ ဖြစ်ပွားနေစဉ် လမ်းသွားလမ်းလာပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ 

အလားတူ ဒေါငံခါးလမ်းခွမှာ ဆိုင်ကယ်မောင်းနှင်လာသူ အရပ်သား နှစ်ဦးကို စစ်ကောင်စီက ရပ်တန့်ဖို့ ပြောရာကနေ မောင်းပြေးတဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ရာမှာ တစ်ဦး သေဆုံးသွား ပါတယ်။ 

နေ့လည် ၁ နာရီကျော်က ဒီးမော့ဆိုမြို့နယ်  ဒေါခလိုက်လင်းကျေးရွာနားက ညောင်ကိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးတပ်အကြားတိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ကား  ၃ စီး မီးလောင်ပြီး အကျအဆုံးများခဲ့ကြောင်းလည်းပြောပါတယ်။

“ညောင်ကိုင်းမှာတော့ လာနေတဲ့ စစ်ကားကို ပစ်တာပေါ့။ သူတို့ဘက်က ၂၇ ယောက်လောက်တော့ သေသွားတယ်။ သုံးလေးယောက်လောက်ပဲ လွတ်တာ ဒါပေမဲ့ သွားပြီးတော့ မှတ်တမ်းမယူနိုင်ဘူးဖြစ်သွားတာ။ စစ်ကားသုံးစီးကတော့ လောင်သွားပြီ။ RPG နဲ့ထုလိုက်တာ။ ”

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ ဦးကျဆုံးတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ 

ဒီလိုနှစ်ဖက်အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေ တောတွင်း ထွက်ပြေး တိမ်းရှောင်နေကြရသလို ဒီညမှာလည်း ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့တွေမှာလည်း ပစ်ခတ်ခြောက်လှန့်မှုတွေ  ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

Photo- KNIC

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up