ကျောက်တံခါးမြို့နယ်ရှိ ဆင်ဆိပ်ကလေးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ရမ်းကား

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ ဆင်ဆိပ်ကလေးကျေးရွာကို မေလ ၂၅ ရက် နေ့လည်ပိုင်းက စစ်ကောင်စီရဲ့ လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင် တချို့ရောက်ရှိလာပြီး လူနေအိမ်တချို့ကို ဖျက်ဆီးကာ နေအိမ်အတွင်းရှိ ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောင်မြင်(တောကျွဲအင်း)နယ်မြေစခန်းအပိုင်အတွင်းရှိ ဆင်ဆိပ်ကလေးကျေးရွာကို ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်လာပြီး အန်အယ်လ်ဒီပါတီ ဆိုင်းဘုတ်ကို စတင်ဖျက်ဆီးကာ တခြားလူနေအိမ် ၃ လုံးကိုလည်း ဖျက်ဆီး ဝင်ရောက်ရှာဖွေ လုပ်ဆောင်သွားတယ်လို့ဆိုပါတယ်။
ဒါ့အပြင် နေအိမ်တွေမှာတွေ့ရှိတဲ့ ဓား၊ ပေါက်ဆိန်ကစ ကလေးသရေစာဘူးအဆုံး ယူဆောင်သွားတာဖြစ်ပြီး ကျေးရွာအတွင်း သေနတ်ပစ်ဖောက်သွားတယ်လို့လည်း ရွာသားတွေက ပြောပါတယ်။ ရွာမှာရှိတဲ့ အမျိုးသားတွေကို ရဲတွေက လိုက်လံရှာဖွေခဲ့ပေမဲ့ ဖမ်းဆီးခံရသူတော့ မရှိဘူးလို့ သိရပါတယ်။
အခုလို ဥပဒေမဲ့ ရမ်းကားတဲ့ လုပ်ရပ်တွေကို ကျောက်တံခါးမြို့နယ်ထဲက ရဲတပ်ဖွဲ့ဝင်တွေနဲ့ သူတို့အတူလိုက်ပါလာတဲ့ အုပ်ချုပ်ရေးမှူးတွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကျေးရွာနေပြည်သူတချို့က ကြောက်လန့်ကာ တခြားဒေသသို့ တိမ်းရှောင်နေကြတယ်လို့လည်း ရွာသားတွေက ပြောပါတယ်။