ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၃ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံကို တရားမဝင်သွားရောက်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၃ ယောက်နဲ့ ထိုင်းနိုင်ငံသားအကျိုးဆောင်တစ်ယောက်ကို မေလ ၂၆ ရက်မှာ ထိုင်းအာဏာပိုင်းတွေက ဖမ်းဆီးခဲ့ပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မဲဆောက် မြောက်ဘက်မှ တာဆောင်ရမ်းမြို့ ဟွေ့မဲ့ဖိုးရွာမှာ တရားမဝင်ရွှေ့ပြောင်း မြန်မာအလုပ်သမား အမျိုးသား ၁၆ ယောက်နဲ့ အမျိုးသမီး ၁၃ ယောက် စုစုပေါင်း ၂၉ ယောက်ကို ကနဦးဖမ်းမိပြီး ကွင်းဆက်စစ်ဆေးရာ တာဆောင်ရမ်းမြို့ထဲမှာ ကျန်ရှိသူတွေကို ထိုင်းစစ်တပ်၊ နယ်ခြားစောင့်ရဲနဲ့ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့တွေ ပူးပေါင်းပြီး နောက်ထပ် ၁၄ ယောက်ကို ဒီနေ့ မနက်မှာ ထပ်ပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
လက်ရှိဖမ်းဆီးခံရသူ ၄၃ ဦး တို့ကို ကျန်းမာရေးအတွက် ကိုဗစ်-၁၉ ရှိ မရှိ စစ်ဆေးပြီး တာဆောင်ရမ်းမြို့မရဲစခန်းသို့ ပို့ဆောင်ကာ ထိုင်းဥပဒေအတိုင်း အရေးယူသွားမှာဖြစ်ကြောင်း သိရပါတယ်။
ပြည်တွင်းအလုပ်ရှားပါးတာ၊ လုပ်ခလစာနည်းတာ၊ အလုပ်လက်မဲ့ဖြစ်တာတွေကြောင့် မြန်မာလုပ်သားတွေဟာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ရာက အဖမ်းခံရတာတွေ မကြာခဏတွေ့နေရပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်နေသူတွေလည်း ကိုဗစ်ကြောင့် လုပ်အားခနည်းတာ လစာအပြည့်ဝ မရရှိတာနဲ့ အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်ပြန်ရာမှာ မြဝတီ- မဲဆောက်နယ်စပ်မှာ ၃ ည ကနေ ၈ ည အထိ အိပ်စောင့်ရသူလည်းရှိနေပါတယ်။