close

သီရိလင်္ကာကမ်းလွန်ပင်လယ်ပြင်၌ ဓာတုပစ္စည်းတင်သင်္ဘော နစ်မြုပ်

သီရိလင်္ကာနိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်းဒေသ ကမ်းလွန်ပင်လယ်ပြင်မှာ ဓာတုပစ္စည်းတွေ တန်ချီပြီး တင်လာတဲ့ ကုန်သင်္ဘောတစီး နစ်မြုပ်ခဲ့တယ်လို့ အစိုးရနဲ့ ရေတပ်က ဇွန် ၂ ရက်မှာ ပြောပါတယ်၊

ဒါဟာ သီရိလင်္ကာနိုင်ငံအတွက် အဆိုးဆုံး ပင်လယ်ပြင်ဆိုင်ရာ ကပ်ဘေးတွေထဲက တစ်ခုလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ 

သင်္ဘောရဲ့ နောက်ပိုင်းစွန်းက ပင်လယ်ကြမ်းပြင်ကို ထိခဲ့လို့ သင်္ဘောကို ရေနက်ပိုင်းထဲအထိ ဆွဲသွားဖို့ ကြိုးပမ်းအားထုတ်မှုတွေကို ရပ်ထားခဲ့ရတယ်လို့ ရေတပ် ပြောခွင့်ရက ပြောပါတယ်။

စင်ကာပူနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ MV X-Press Pearl ကုန်သင်္ဘောဟာ နိုက်ထရစ် အက်စစ် ၂၅တန် တခြားဓာတုပစ္စည်းတွေ အလှကုန်တွေ အပါအဝင် ကုန်သေတ္တာ ၁၄၈၆ ခု သယ်လာခဲ့ တာပါ။

သီဟိုဠ်ကျွန်းရဲ့ အနောက်ဘက်ကမ်းရိုးတန်းမှာ ကျောက်ဆူးနုတ်နေတုန်း မေ ၂၀ ရက်မှာ မီးလောင်ခဲ့ ပါတယ်။

အာဏာပိုင်တွေက မီးငြှိမ်းသတ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဓာတုပစ္စည်းတွေပါတဲ့ မီးလောင်နေတဲ့ ကုန်သေတ္တာတွေ သင်္ဘောကုန်းပတ်ပေါ်ကနေ ပြုတ်ကျခဲ့တယ်လို့ ရေတပ်က အရင်လက ပြောခဲ့ပါတယ်။ 

တန်ချီတဲ့ ပလတ်စတစ်ကျည်စေ့တွေဟာ ခုတော့ သီရိလင်္ကာ ကမ်းရိုးတန်းတလျှောက် ငါးသယံဇာတ ကြွယ်ဝတဲ့ ဒေသအတွင်း မျောပါနေတာပါ။ 

ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြပ်အတည်းတွေ ထဲက တစ်ခုကို ဖန်တီးခဲ့သလိုပဲလို့ ပညာရှင်တွေက ပြောပါတယ်။

ဒီဖြစ်ရပ်ကြောင့် ကမ်းခြေကို သန့်ရှင်းရေးလုပ်ဖို့ စစ်သည် ရာချီ တပ်ချထားခဲ့သလို ကီလိုမီတာ ၈၀ ရှည်တဲ့ ကမ်းရိုးတန်းတလျှောက် ငါးဖမ်းခွင့်ကို တားမြစ်ပိတ်ပင်ခဲ့လို့ ငါးဖမ်းလှေ အစီးရေ ၅၆၀၀ လောက် ထိခိုက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up