စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည် ထိုင်းနိုင်ငံဘက် ကျရောက်ပေါက်ကွဲ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဖလူးဖိုကျေးရွာဘက်မှာ ဇွန်လ ၂ ရက် နေ့ခင်းပိုင်းက ဒီကေဘီအေခွဲထွက်အဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပြီး ထိုင်းဘက်ခြမ်းကို ၆၀ မမ - အာရ်ပီဂျီ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ အာဆီယံထိုင်း သတင်းမှာ ဖော်ပြ ပါတယ်။
အဆိုပါလက်နက်ကြီးမှာ စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တာလို့ နယ်ခံတွေကပြောပြီး တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မဟာဝမ်းကျေးရွာအုပ်စု မဲ့ခိုကဲန်းကျေးရွာရှိ ယာယီစစ်ဘေး ရှော င်စခန်း အနီးကို ကျရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အဆိုပါစစ်ရှောင်စခန်းမှာ ကရင်စစ်ဘေးရှောင်ပြည်သူ ၄၀၀ ကျော်နဲ့ သူတို့ကိုလိုအပ်တာတွေ သွားကူနေတဲ့ အုပ်ချုပ်ရေးဆိုင်ရာဝန်ထမ်းနဲ့ ထိုင်းတပ်ဖွဲ့ဝင်တွေရှိနေပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အားလုံးအလန့်တကြား ထွက်ပြေးကြကြောင်းနဲ့ ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ ဆိုပါတယ်။
လက်နက်ကြီးကျရောက်ပြီးနောက် ညနေပိုင်းမှာ မြန်မာဘက်ခြမ်းက နောက်ထပ်စစ်ဘေးရှောင်သူ ၃၁ ဦး ထပ်မံဝင်ရောက်လာကြောင်း၊ အခုလို အန္တရာယ်ရှိတဲ့ လက်နက်ကြီး ကျလာပေမယ့် သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဘေးရှောင်တွေကို ပြောင်းရွှေ့နေရာချထားပေးခြင်းမရှိဘဲ သောင်ရင်းမြစ်ကမ်းဘေးက ရွာသားပိုင်နွားတင်းကုပ်ကို ယာယီစစ်ဘေးဘေးရှောင်စခန်း လုပ်ထားတာလို့ ထိုင်းသတင်းမှာဖော်ပြပါတယ်။
မြန်မာဘက်ခြမ်းမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး PDF ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေလည်း ဒီကေဘီအေခွဲထွက်အဖွဲ့နဲ့ အတူပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ဒီမတိုင်ခင်က ဒီကေဘီအေဘက်ကဖမ်းဆီးထားတဲ့ မြန်မာရဲတပ်ဖွဲ့ဝင်နဲ့ မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၄ ဦးကိုတော့ အန္တရာယ်မပြုဘဲ ပြန်လွှတ်ပေးလိုက်ပြီလို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။