close

စစ်ကောင်စီတပ်သား ၈၀ ကျော်သေပြီးနောက် ဒီးမော့ဆိုကို လေကြောင်းမှ ထပ်မံတိုက်ခိုက်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ  ဒီနေ့ ဇွန်လ ၁ ရက်နေ့မှာလည်း  စစ်ကောင်စီဘက်က  စစ်ရဟတ်ယာဉ်တွေနဲ့  လေကြောင်းကနေ ထပ်မံလာရောက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဒီနေ့ ဒီးမော့ဆိုကို ရဟတ်ယာဉ်နဲ့  လာပစ်တယ်။ လွိုင်ကော်ဘက်ကလည်း လက်နက်ကြီးနဲ့ထုတယ်။ ဖားဆောင်းဘက်မှာလည်း ပြည်သူတွေပြေးနေကြရတယ်။ ပြေးတဲ့သူတွေကတော့ပြန့်ကျဲနေတယ်။ ရွာတွေမှာလည်း လူမရှိတော့ဘူး" လို့ ဒေသခံတယောက်က ပြောပါတယ်။

မနေ့ နေ့လယ် ၁ နာရီလောက်က ဒီးမော့ဆိုမြို့နယ် ကုန်းသာရွာဘက်ကို စစ်ကောင်စီ တပ်သား ၁၅၀ လောက် ချီတက်လာလို့ ပြန်ခုခံတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၈၀ ထက်မနည်း သေဆုံးခဲ့တယ်လို့  ကရင်နီပြည် ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ထုတ်ပြန်ပါတယ်။

KNDF က အင်အားတွေ စုစည်းထားနိုင်တဲ့အပြင် လက်နက်တွေလည်း ပြင်ဆင်ထားနိုင်တာ ကြောင့် အခုလို ခုခံနိုင်ခဲ့တာလို့ ဆိုပါတယ်။

မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ကူခဲ့ပြီး KNDF တပ်သား ၁ ယောက်ကျဆုံး၊ ၆ ယောက် ဒဏ်ရာရခဲ့သလို လေကြောင်းကနေ  ပစ်ခတ်လို့ ရွာသားတယောက်လည်း သေဆုံးခဲ့ပါတယ်။

ပြီးတော့ KNDF ဟာ ကုန်းသာရွာကနေ ဆုတ်ခွာခဲ့ပြီး လက်နက်ကြီး ပစ်ကူနေတဲ့ ဖယ်ခုံနဲ့ လွိုင်ကော်ကို ထိုးစစ်ဆင်ဖို့ ကြိုးပမ်းတာကြောင့် နေရာအနှံ့တိုက်ပွဲတွေဖြစ်နေတယ် လို့လည်း ဆိုပါတယ်။

လွိုင်ကော်မြို့ပေါ်မှာတော့ ဒီရက်ပိုင်း တိုက်ခိုက်တာတွေမရှိပေမဲ့ လူတွေကတော့ ဆက်လက်တိမ်းရှောင်နေတုန်းဖြစ်ပါတယ်။

“ဒီမနက်က မြို့ထဲမှာ ဗုံး ၃၊ ၄ လုံး ကွဲတယ်။ ထိခိုက်ဒဏ်ရာရတာကတော့ မကြားသေးဘူး။ မြို့ပေါ်ကနေ တောဘက်ကိုရှောင်တာက တရက်ထက်တရက် ပိုများလာတယ်။ မြို့ပေါ်မှာ လူက တ၀က်လောက်ပဲ ကျန်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ကယားပြည်နယ်ထဲမှာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတာ သီတင်းတပတ်ကျော်လာပြီဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူ သောင်းနဲ့ချီပြီး  နေအိမ်တွေကိုစွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up