တီအန်မန်အရေးအခင်း ၃၂ နှစ်မြောက် နှစ်ပတ်လည်နေ့ ဟောင်ကောင်တွင် တားမြစ်ဖမ်းဆီး

ဇွန်လ ၄ ရက် ဟာ တရုတ်နိုင်ငံ မြို့တော်ပေကျင်းက တီအန်မန်ရင်ပြင်မှာ ဒီမိုကရေစီရေးဆန္ဒပြသူ ပြည်သူတွေကို အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ ၃၂ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။
ဟောင်ကောင်မှာတော့ ဒီနှိမ်နင်းမှုအထိမ်းအမှတ် စုဝေးကျင်းပတာကို ၂ နှစ်ဆက်တိုက် တားမြစ်ထားပါတယ်။
ဒီသောကြာနေ့မနက်ပိုင်းမှာပဲ တီအန်မန်အရေးအခင်းမှာ ကျဆုံးခဲ့ရသူတွေအတွက် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲကိုကျင်းပဖို့ စီစဉ်တဲ့အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ချောင်ဟန်တန်ကို ဟောင်ကောင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
တရုတ်အစိုးရဟာ ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက် ဖြိုခွဲမှုနဲ့ပတ်သက်ပြီး သေဆုံးသူအရေအတွက်ကို ဘယ်တော့မှ ထုတ်ပြန်ခြင်းမရှိခဲ့ပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ မျက်မြင်သက်သေတွေရဲ့ ခန့်မှန်းချက်အရ ရာပေါင်းများစွာကနေ ထောင်ပေါင်းများစွာအထိရှိနိုင်တယ်လို့ ဆိုပါတယ်။
၁၉၈၈ ခုနှစ်မှာ တရုတ်နိုင်ငံ မြို့ကြီးတွေမှာ ငွေဖောင်းပွမှုနှုန်း ၃၀ ရာခိုင်နှုန်းကျော်ထိ တက်သွားပြီး စီးပွားရေး မငြိမ်သက်မှုတွေနဲ့ ထိုးကျသွားပါတယ်။ ၁၉၈၉ ခုနှစ် ဧပြီလ ၁၅ ရက်မှာ ပြုပြင်ပြောင်းလဲရေးစိတ်ဓာတ်ရှိတဲ့ ကွန်မြူနစ်ပါတီခေါင်းဆောင် ဟူယောင်ဘန်း သေဆုံးမှုဟာလည်း ပြည်သူတွေရဲ့မကျေနပ်မှုက ဆန္ဒပြပွဲတွေအတွက် လမ်းဖွင့်ပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။
ပေကျင်းအလယ်ပိုင်းကို လူ ၁ သန်းကျော်လောက် စုဝေးရောက်ရှိလာပြီး အကျင့်ပျက်ခြစားမှု၊ စီးပွားရေးကိုတလွဲစီမံခန့်ခွဲမှု၊ ဆွေမျိုးသားချင်း ဦးစားပေး အလုပ်ခန့်မှုနဲ့ ကျောင်းသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုတွေအတွက် တောင်းဆိုလာကြပါတယ်။
တီအန်မန်ရင်ပြင်မှာ ဆန္ဒပြပွဲတွေတပတ်လောက်အကြာမှာ တင့်ကားတွေ ခြံရံဝန်းရံထားတဲ့ စစ်တပ်ကဆန္ဒပြ သပိတ်မှောက်သူတွေကို ဖြိုခွဲနှိမ်နင်းခဲ့လို့ တကမ္ဘာလုံး ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။
တရုတ်ခေါင်းဆောင်တွေဟာ ဒီဆန္ဒပြပွဲတွေကို တော်လှန်ရေးတန်ပြန်လှုပ်ရှားမှုတစ်ခုလို့ ပြစ်တင်ရှုတ်ချခဲ့ပြီး နောက်ဆက်တွဲဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှုတွေ၊ ပြည်နှင်ဒဏ်ပေးတာတွေနဲ့ ဆန္ဒပြသူအများအပြားကို အသံတိတ်သွားအောင် လုပ်ဆောင်ခဲ့ပါတယ်။
၂၀၀၉ ခုနှစ်မှာတော့ တရုတ်ခေါင်းဆောင် ကျောက်ကျိယန်က ၁၉၈၉ တီအန်မန်ဖြိုခွဲမှုနဲ့ ပတ်သက်ပြီး နှုတ်ဆိတ် အသံတိတ်နေရာကနေ ဆန္ဒပြသူတွေကို သတ်ဖြတ်တာဟာ ဖြစ်ရပ်ဆိုးလို့ ရှုတ်ချခဲ့ကြောင်း သူ ကွယ်လွန်ပြီး ၄ နှစ်အကြာမှာ ထုတ်လိုက်တဲ့ ကိုယ်တွေ့မှတ်တမ်းများထဲမှာ မှတ်တမ်းတင်ထားပါတယ်။
ဒီသွေးထွက်သံယိုနှိမ်နင်းမှုကို ရှားရှားပါးပါး အသိအမှတ်ပြုတဲ့ တရုတ်ကာကွယ်ရေး၀န်ကြီး ဝေဖန်းဟီကတော့ ၂၀၁၉ ခုနှစ် နှစ် ၃၀ မြောက်နှစ်ပတ်လည်နေ့မှာ ဒါဟာ အဲ့ဒီကတည်းက တည်ငြိမ်တဲ့နိုင်ငံတော်ဆီကို ဦးဆောင်ပေးတဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
တရုတ်အစိုးရ အရာရှိတွေဟာ ၁၉၈၉ ခုနှစ်ဇွန်လ ၄ ရက်နေ့ဖြစ်ရပ်တွေကို အသိအမှတ်ပြုဖို့ ခဲယဉ်းပြီး ဒီဖြစ်ရပ်တွေနဲ့ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေကို အကြီးအကျယ် ဆင်ဆာလုပ်ထားခဲ့ပါတယ်။