close

စစ်အုပ်စုဩဇာခံ ဂီတအစည်းအရုံးတွင် ပါဝင်ခြင်းမရှိဟု ဂီတအနုပညာရှင်များထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့က ဖွဲ့စည်းလိုက်တဲ့  မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို) ယာယီအဖွဲ့ကနေ အဆိုတော် ကိုင်ဇာ၊ ညီမင်းခိုင်၊ မနောနဲ့  ဝေကြီးတို့ နုတ်ထွက်လိုက်ကြသလို ဂီတစာဆို ဟင်္သာတမြင့်ငွေကလည်း ပါဝင်မှာ မဟုတ်ကြောင်း အသီးသီး ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ဝါရင့်အဆိုတော် ကိုင်ဇာကို မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ယာယီရဲ့  ဥက္ကဋ္ဌ တာဝန်ပေးထားတာဖြစ်ပြီး ဒီကနေ့မှာတော့ သူ့ကျန်းမာရေးအခြေအနေကြောင့် တာဝန်ယူဆောင်ရွက်နိုင်ခြင်းမရှိတော့ကြောင်းနဲ့ နုတ်ထွက်ခွင့်ပြုဖို့ ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဆီ အဆိုတော်ကိုင်ဇာက စာတစောင်ပေးပို့ခဲ့တာကို တွေ့ရပါတယ်။

နောက်ထပ် လူငယ်အနုပညာရှင် ၂ ယောက်ဖြစ်ကြတဲ့ အဆိုတော် ညီမင်းခိုင်နဲ့ ဝေကြီးတို့ကလည်း အမှုဆောင်အဖွဲ့ဝင်တွေ အဖြစ်ကနေ နုတ်ထွက်ကြောင်း သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ရေးသားမျှဝေထားခဲ့တာကို တွေ့ရပါတယ်။

ဒါ့အပြင် မနေ့ကလည်း အဆိုတော် မနောကလည်း မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ရဲ့ အမှုဆောင်အဖွဲ့ဝင်အဖြစ် မသင့်တော်တာကြောင့် နုတ်ထွက်ကြောင်း မေတ္တာရပ်ခံစာ တစောင်ပေးပို့ခဲ့တာကို တွေ့ရပါတယ်။

အလားတူ ဂီတစာဆို ဟင်္သာတမြင့်ငွေကလည်း သူ့ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးအရ ၂၀၀၅ ခုနှစ်ကတည်းက  ဂီတအစည်းအရုံးတာဝန်မှ အနားယူခဲ့ပြီးဖြစ်သလို အခုဖွဲ့စည်းလိုက်တဲ့ ယာယီ ဂီတအစည်းအရုံးမှာလည်း နာယကအဖြစ် တာဝန်ယူဆောင်ရွက်နိုင်မှာ မဟုတ်ကြာင်း အသိပေးစာ ထုတ်ပြန်ထားပါတယ်။ 

အာဏာသိမ်း စစ်ကောင်စီက  မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ယာယီ အလုပ်အမှုဆောင် အဖွဲ့အမည်စာရင်းကို ကာယကံရှင်တွေရဲ့ ဆန္ဒမပါဘဲ အဓမ္မဖွဲ့စည်းထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up