မာလီစစ်ဆင်ရေးတွင် အယ်လ်ကေးဒါးခေါင်းဆောင် ၁ ဦး သေဆုံးဟု ပြင်သစ်စစ်တပ်ပြော

ပြင်သစ်စစ်တပ်ဟာ အာဖရိက ဆာဟဲလ်ဒေသမှာ စစ်ဆင်ရေးတရပ် လုပ်နေချိန်အတွင်း အယ်လ်ကေးဒါး ခေါင်းဆောင်တစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ လက်နက်ကိုင်တပ်ဖွဲ့၀န်ကြီး ဖလော်ရန့်စ်ပါလေက ဇွန် ၁၁ ရက်မှာ ပြောကြားပါတယ်။
ဇွန် ၅ ရက်က မာလီနိုင်ငံမြောက်ပိုင်း အဂူလ်ဟွခ်မှာ ရှိတဲ့ ကုလသမဂ္ဂဌာနဝင်းတစ်ခုကို စစ်သွေးကြွတွေကတိုက်ခိုက်ဖို့စီစဉ်ထားတာကို Barkhane နှိမ်နင်းရေးတပ်ဖွဲ့က စုံစမ်းသိရှိခဲ့ရတာကြောင့် စစ်ဆင်ရေးကို အမြန်ဆုံး စတင်ခဲ့တယ်လို့လည်း ပြောပါတယ်။
ကုလသမဂ္ဂမစ်ရှင်ရဲ့ ချာဒီရန်တပ်ရင်းက တပ်စွဲထားတဲ့နေရာမှာ မော်တာလက်နက်တွေနဲ့ ပစ်ခတ်ဖို့ပြင်ဆင်နေတဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက် ၄ ဦး သေဆုံးသွားကြောင်းနဲ့အဲ့ဒီသေဆုံးသူတွေထဲက မာဂရက်ဘ်အယ်လ်ကေးဒါးအစ္စလာမ်မစ်အဖွဲ့က အဆင့်မြင့် အဖွဲ့ဝင်တယောက်ဖြစ်တဲ ဘာယီအာ့ဘာခါဘိုဟာ ၂၀၁၃ ခုနှစ်က ပြင်သစ် နိုင်ငံသား ဂျာနယ်လစ် ၂ ယောက်ကို ပြန်ပေးဆွဲခြင်းနဲ့ သတ်ဖြတ်ခြင်းတို့အတွက် တာဝန်ရှိတဲ့သူလို့လည်း လက်နက်ကိုင်တပ်ဖွဲ့၀န်ကြီး ဖလော်ရန့်စ်ပါလေက ပြောကြားပါတယ်။
ဆာဟဲလ်ရှိ အစ္စလာမ်မစ်စစ်သွေးကြွတွေကို ချေမှုန်းနေတဲ့ ပြင်သစ်နိုင်ငံရဲ့စစ်ဆင်ရေးကို အခု အဆုံးသတ်တော့မှာဖြစ်ပြီး ဒေသတွင်းမှာ ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံတကာအားထုတ်မှု တစိတ်တပိုင်း အဖြစ် တပ်ဖွဲ့တွေက လှုပ်ရှားမယ်လို့ ပြင်သစ်သမ္မတက ပြောကြားပါတယ်။
ဒီဆုံးဖြတ်ချက်ကလည်း မာလီစစ်တပ် ဗိုလ်မှူးကြီး အက်စီမီဂိုအီတာဟာ ၉ လအတွင်းမှာ ဒုတိယသမ္မတကိုဖြုတ်ချပြီးတော့ အာဏာယူလိုက်ပြီးနောက်မှာ စစ်သွေးကြွတွေနဲ့ ဆွေးနွေးညှိနှိုင်းတဲ့ တချို့အစိုးရတွေကို ဝေဖန်မှုတွေမြင့်တက်လာပြီး နောက်ပိုင်း ခုလို ဆုံးဖြတ်လိုက်တာပါ။
မကြာသေးခင်လတွေအတွင်းက ပြင်သစ်ဟာ ဆာဟဲလ်ဒေသမှာ စစ်သွေးကြွတွေအပေါ် အောင်မြင်မှု တချို့ကို ချီးကျူးခဲ့ပေမယ့် ပြင်သစ်ရဲ့ စစ်ဆင်ရေးတွေနဲ့ အထူးသဖြင့် မာလီနိုင်ငံကလို နိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် အဆုံးမသတ်နိုင်ဖြစ်နေတာကို စိတ်ပျက်ဝေဖန်တာတွေလည်း ရှိနေပါတယ်။