ထိုင်းတွင် ဆရာ၊ဆရာမ ၄၅,၀၀၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်

ထိုင်းနိုင်ငံမှာ ဆရာဆရာမ ဦးရေ ၄၅,၀၀၀ ကျော်ကို အခုသီတင်းပတ်ထဲမှာ ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပေးသွားမယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး အနုတင်ချန်ဗီရာကူလ်ကတော့ မေလ ၂၄ ရက် ကတည်းက ဘန်ဆူးရထားဘူတာမှာဖွင့်လှစ်ထားတဲ့ ကာကွယ်ဆေးထိုးစင်တာမှာ တရက်ကို လူပေါင်း ၁၁,၀၀၀ ထိ ကာကွယ်ဆေးထိုးနိုင်တယ်လို့ ပြောပါတယ်။
လက်ရှိအချိန်ထိ ထိုင်းပြည်သူ ၂၀၉,၂၃၄ ယောက်ကို Sinovac နဲ့ AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထိုးနှံပေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဆရာဆရာမတွေကို ကာကွယ်ဆေးထိုးနှံပေးဖို့ ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့ကတည်းက စတင်ခဲ့တာဖြစ်ပြီး လာမယ့် ဇွန် ၁၄ ရက် ကျောင်းဖွင့်ချိန်အမီ ဆရာဆရာမဦးရေ ၄၅,၀၀၀ ကျော်ကို ဝန်ကြီးဌာနအနေနဲ့ ကာကွယ်ဆေးထိုးနှံမှုတွေ လုပ်ဆောင်ပေးသွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။
ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၁၉၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁,၄၄၉ ယောက်ထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။