မီဇိုရမ်ရောက် မြန်မာများအတွက် ကူညီထောက်ပံ့ငွေ အိန္ဒိယဗဟိုအစိုးရက ပိတ်ဆို့ထား

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို လာရောက်ခိုလှုံနေကြတဲ့ မြန်မာပြည်သားတွေကို ကူညီထောက်ပံ့ဖို့အတွက် ငွေကြေးတွေကို ဗဟိုအစိုးရက ပိတ်ဆို့ထားတယ်လို့ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ဇိုရမ်သန်ဂါက ဇွန်လ ၁၅ ရက်မှာ ပြောပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံသားတွေကို ကူညီရေးပစ္စည်းတွေ ထောက်ပံ့ဖို့ ကိစ္စတွေကို ဗဟို မီဇိုလူငယ်အသင်း CYMA မှ ခေါင်းဆောင်တွေနဲ့ အပြန်အလှန်ဆက်သွယ်ပြီး ပြည်နယ်အစိုးရက ရန်ပုံငွေတွေကို ကြေညာထားတဲ့အတိုင်း ခွဲဝေပေးပြီးဖြစ်တယ်လို့လည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။
မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ လူသားချင်း စာနာထောက်ထားမှုအရ ပြည်နယ်အတွင်း ခိုလှုံခွင့်တောင်းခံသူတွေကို ကူညီကယ်ဆယ်ရေးတွေ ဆက်ပံ့ပိုးပေးသွားဖို့ လုပ်ဆောင်သွားမယ်လို့လည်း ဗဟို မီဇိုလူငယ်အသင်း CYMA ခေါင်းဆောင်တွေကို ပြောသွားပါတယ်။
မြန်မာနိုင်ငံကနေ အိမ်နီးချင်း အိန္ဒိယနိုင်ငံက မီဇိုရမ်ပြည်နယ်ထဲကို လာရောက်ခိုလှုံကြသူပေါင်း ၉၂၄၇ ယောက်ထဲမှာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်လည်း ပါဝင်တယ်လို့ အဆင့်မြင့်ရဲအရာရှိတွေက ပြောကြားပါတယ်။
ချင်းဝန်ကြီးချုပ် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ် ၂၄ ယောက်တို့လည်း မီဇိုရမ်ပြည်နယ် အနှံ့အပြားမှာ ခိုလှုံနေကြတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံသားတွေကို အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ ကျောင်းသား အဖွဲ့အစည်းတွေက အမိုးအကာနဲ့ အစားအစာတွေကို ပံ့ပိုးကူညီထားပြီး အတော်များများကိုတော့ ဒေသခံတွေက အမိုးအကာအောက်မှာ ခိုလှုံခွင့်ပြုထားတယ်လို့ အဆင့်မြင့်ရဲအရာရှိက ပြောပါတယ်။
Photo-Reuters