အဲရစ်ဆင်အတွက် ဒိန်းမတ်နှင့် ဘယ်လ်ဂျီယံပွဲစဉ် ၁ဝ မိနစ်အရောက်တွင် ပွဲရပ်ကာ ဂုဏ်ပြု

ဒိန်းမတ်နဲ့ ဘယ်လ်ဂျီယံအသင်းတို့ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ မနေ့ညက ယူရိုပွဲစဉ်မှာ ဒိန်းမတ်ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို အားပေးတဲ့အနေနဲ့ ပွဲချိန် ၁ဝ မိနစ်အရောက်မှာ ပွဲခဏရပ်ပြီး ဂုဏ်ပြုခဲ့ပါတယ်။
အဲရစ်ဆင်ဟာ ဖင်လန်နဲ့ ကစားခဲ့တဲ့ ယူရိုအဖွင့်ပွဲစဉ်မှာ နှလုံးရောဂါကြောင့် ကွင်းထဲလဲကျခဲ့ပြီး အရေးပေါ်ဆေးကုသခဲ့ရတာပါ။ လက်ရှိအချိန်အထိ ဆေးရုံမှာကုသနေဆဲဖြစ်တဲ့ အဲရစ်ဆင်ကို အားပေးတဲ့အနေနဲ့ နှစ်ဘက်အသင်းကစားသမားတွေနဲ့ ပရိသတ်တွေကပါ လက်ခုပ်တီး ဂုဏ်ပြုပေးခဲ့ကြတာပါ။
ပွဲမစတင်ခင်မှာလည်း အဲရစ်ဆင်နဲ့ ကျောနံပါတ် ၁ဝ ရေးထားတဲ့ ဗီနိုင်းတစ်ခုကို ကွင်းထဲမှာ ပြသခဲ့ပါသေးတယ်။
ဘယ်လ်ဂျီယံနဲ့ ပွဲစဉ်မှာ ဒိန်းမတ်အသင်းက ပွဲအစ၂မိနစ်မှာပဲ ပေါလ်ဆင်ရဲ့ ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ၂ ဂိုး ၁ ဂိုးနဲ့ရှုံးပွဲ ထပ်တွေ့ခဲ့ပါတယ်။
ပွဲအစ ၁ မိနစ်နဲ့ ၃၉ စက္ကန့်မှာပဲ ဒိန်းမတ်တိုက်စစ်မှူး ပေါလ်ဆင်က အဖွင့်ဂိုးသွင်းယူခဲ့လို့ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ဒုတိယအမြန်ဆုံးဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံအတွက် ချေပဂိုးကို သော်ဂမ်ဟာဇက်ကသွင်းခဲ့ပြီး အနိုင်ဂိုးကိုတော့ လူစားဝင်ကွင်းလယ်ကစားသမား ဒီဘရိုင်းက ပွဲချိန်မိနစ် ၇၀ မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။