ချက်နှင့်ပွဲတွင် ဆန်ချိုကို ပွဲထွက်ခွင့်ပေးရန် စဉ်းစားမည်ဟု နည်းပြဆောက်ဂိတ်ပြော

အင်္ဂလန်တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုဟာ အသင်းရဲ့ယူရိုအဖွင့်ပွဲစဉ် ၂ ပွဲစလုံး ကစားခွင့်မရသေးဘဲ ချက်နဲ့ ကစားမယ့် အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့ ပွဲထွက်ခွင့်ပေးဖို့ စဉ်းစားမယ်လို့ နည်းပြဆောက်ဂိတ်က ပြောပါတယ်။
အသက် ၂၁ နှစ်ရှိ ဒေါ့မွန် တောင်ပံကစားသမား ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီက ၃၆ ဂိုးအထိ ပါဝင်ပတ်သက်ခဲ့တာဖြစ်ပါတယ်။
”ကျနော်တို့အသင်းလူစာရင်းမှာ ရွေးချယ်စရာတွေအများကြီးရှိပြီး အားလုံးကလည်း ငယ်ရွယ်တဲ့ ကစားသမားတွေဖြစ်ပါတယ်။ ပြိုင်ပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် အတွေ့အကြုံယူနေကြတဲ့ သူတွေရှိပါတယ်။ ဂျေဒန်ဟာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ကို ပွဲထွက်ကစားခွင့်ပေးဖို့ ရှိပြီး ကျနော်တို့ ဆုံးဖြတ်ချက် ပြုလုပ်သွားဖို့ရှိပါတယ်” လို့ အင်္ဂလန်နည်းပြဆောက်ဂိတ်က ပြောခဲ့ပါတယ်။
ဆန်ချိုဟာ အင်္ဂလန်အတွက် ၁၈ ပွဲကစားထားပြီး ခရိုအေးရှားနဲ့အဖွင့်ပွဲစဉ်မှာလည်း ၂၃ ဦးလူစာရင်းမှာတောင် ပါဝင်လာခြင်းမရှိခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ အုပ်စု ၂ ပွဲကစားအပြီးမှာ ၁ ပွဲနိုင်၊ ၁ ပွဲသရေ ရမှတ် ၄ မှတ်နဲ့ အုပ်စုဒုတိယနေရာမှာ ရပ်တည်နေပါတယ်။