ရုရှားရေပိုင်နက်ကို ကျူးကျော်မှုကိစ္စ ဗြိတိန်စစ်သံမှူးကို ရုရှားကာကွယ်ရေးဝန်ကြီး ဆင့်ခေါ်

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဗြိတိန်ကာကွယ်ရေးစစ်သံမှူးကို ဇွန် ၂၃ ရက်က ဆင့်ခေါ်ခဲ့ပါတယ်။
ဗြိတိန်ရေတပ် ဖျက်သင်္ဘော ဒဖန့်ဒါဟာ ရုရှားရေပိုင်နက်ကို ကျူးကျော်ခဲ့ပြီး ကုလသမဂ္ဂရဲ့ ပင်လယ်ရေကြောင်းဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောကြားလိုက်ပြီး ဗြိတိန်အစိုးရကိုလည်း သင်္ဘောဝန်ထမ်းတွေရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းခဲ့ပါတယ်။
ဗြိတိန်အစိုးရကတော့ ဘယ်လို ထိပ်တိုက်တွေ့မှုမှ မဖြစ်ခဲ့ဘူးလို့ ငြင်းဆို ပါတယ်။ HMS Defender ဗြိတိန်ရေတပ် စစ်သင်္ဘောဟာ နိုင်ငံတကာ အသိအမှတ်ပြု ရေကြောင်း စင်္ကြန်လမ်းကြောထဲကိုသာ ဝင်ခဲ့တာလို့လည်း ဗြိတိန်အစိုးရက ပြောပါတယ်။
ခရိုင်းမီးယားကျွန်းဆွယ် ကမ်းရိုးတန်းရဲ့ ကမ်းလွန်ပင်လယ်ပြင်က ရုရှားရေပိုင်နက်ထဲကို ဝင်ရောက်လာတဲ့ ဗြိတိန်ဖျက်သင်္ဘောတစ်စီးရဲ့ လမ်းကြောင်းပေါ်ကို ရုရှားက သတိပေး ပစ်ခတ်ခဲ့ပြီး ဗုံးကြဲချခဲ့တယ်လို့ ရုရှားအစိုးရက ဇွန် ၂၂ ရက်မှာ ပြောခဲ့တာပါ။
ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကတော့ တော်ဝင်ရေတပ်ရဲ့ HMS Defender ဖျက်သင်္ဘောဟာ ပင်လယ်နက်ထဲကို ဒီလအစောပိုင်းက ဝင်ခဲ့ပြီး သူ့လမ်းကြောင်းပေါ်ကို ဗုံးချခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်ကို အသိအမှတ် မပြုဘူး၊ ရုရှားက သတိပေးပစ်ခတ်တာလည်း မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒမီထရို ကူလေဘာကတော့ ပင်လယ်နက်နဲ့ အာဇို့ဗ် ပင်လယ်ထဲက ဒီဖြစ်ရပ်ဟာ ရုရှားရဲ့ ရန်လိုမှုနဲ့ ကျူးကျော်ရေး မူဝါဒကို ပြနေပြီး ဒါဟာ ယူကရိန်းနဲ့ သူ့မဟာမိတ်တွေကို အဆက်မပြတ် ခြိမ်းခြောက်မှုပဲလို့ ပြောပါတယ်။
ပင်လယ်နက်ထဲမှာ ယူကရိန်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ကြီး နေတိုးကို သူက တွစ်တာပေါ်ကနေ ဆော်သြခဲ့ပါတယ်။