ဟေတီတွင် တော်လှန်ရေးစတင်နေပြီဟု ဂိုဏ်းခေါင်းဆောင် တဦး ပြော

ဟေတီနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ နိုင်ငံရေးအထက်တန်းလွှာတွေကို ဆန့်ကျင်တဲ့ တော်လှန်ရေးတစ်ရပ်ကို စတင်နေပြီလို့ ဒီတစ်ပတ်မှာ ဟေတီရဲ့အာဏာအရှိဆုံး ဂိုဏ်းခေါင်းဆောင် တစ်ဦးက သတိပေးပြောကြားလိုက်တာကြောင့် ဆင်းရဲနွမ်းပါးတဲ့ ကာရစ်ဘီယံ နိုင်ငံမှာ နောက်ထပ်အကြမ်းဖက်မှုတွေ တိုးလာနိုင်ဖွယ် ရှိနေပါတယ်။
ရဲအရာရှိဟောင်း Jimmy Cherizier ခေါ် ဘာဘီကျူး ဟာ မနှစ်က တည်ထောင်ထားတဲ့ ဂိုဏ်း ၉ ဂိုဏ်းရဲ့အဖွဲ့ချုပ် G9 ကို ဦးဆောင်သူဖြစ်ပါတယ်။
ဓားကိုင် သေနတ်ကိုင်အဖွဲ့ဝင်တွေ ခြံရံထားတဲ့ ဘာဘီကျူးက သူ့ရဲ့G9 အဖွဲ့ချုပ်ဟာ ဟေတီနိုင်ငံကို အတိုက်အခံ၊ အစိုးရနဲ့ ဓနရှင်လူတန်းစားတွေဆီကနေ လွတ်မြောက်စေမယ့် တော်လှန်ရေးအင်အားတစ်ခု ဖြစ်လာခဲ့ပြီလို့ ဇွန် ၂၃ ရက်က La Saline မြို့ရဲ့ ဆင်းရဲသား ရပ်ကွက်မှာ ဒေသခံမီဒီယာတွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကတော့ ဘာဘီကျူးဟာ အမှန်တကယ် အစိုးရကို ပစ်မှတ်ထားခြင်းမဟုတ်ဘဲ အတိုက်အခံတွေကိုသာ ပစ်မှတ်ထားတာလို့ ဆိုကြပါတယ်။
အစိုးရကလဲ သူ့ထုတ်ပြန်ချက်တွေအပေါ် လတ်တလော ဘာမှတ်ချက်မှ မပေးသလို မှတ်ချက်တွေကိုလဲ ချက်ချင်း မရနိုင်သေးပါဘူး။
သူ့ကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက အမေရိကန်ပြည်ထောင်စုကနေ ဒဏ်ခတ်အရေးယူထားတဲ့ တခြားရာဇဝတ်မှုတွေလည်း ရှိပြီး မကြာသေးမီနှစ်တွေအတွင်း နိုင်ငံသားအများအပြားကို သတ်ဖြတ်မှုမှာ သံသယရှိသူတယောက်ဖြစ်ပါတယ်။
ရဲအရာရှိဟောင်း Jimmy Cherizier ဟာ သူ့ကိုယ်သူ အားနည်းတဲ့အဖွဲ့အစည်းတွေကနေ ချန်ထားခံရတဲ့ လစ်လပ်နေရာကိုဖြည့်ပေးမယ့် ရပ်ရွာအသိုင်းအဝိုင်းခေါင်းဆောင်တယောက်လို ပုံဖော်နေတာပါ။
Cherizier ဟာ ဟေတီရှိ ဆိုရှယ်မီဒီယာကနေ ဘဏ်တွေ၊ စတိုးဆိုင်တွေ၊ စူပါမား ကက်တွေနဲ့ ကိုယ်စားလှယ်ဆိုင်တွေက ငွေတွေဟာ မင်းတို့ငွေတွေပဲ။
ကိုယ့်ငွေကိုယ် သွားယူကြ ဆိုပြီး ရေးလိုက်တဲ့မှတ်ချက်က ပျံ့နှံ့သွားပြီး ပြီးခဲ့တဲ့အပတ်က Port-au-Prince ရှိ စတိုးဆိုင်တွေကို G9 ဂိုဏ်းသားတွေ သွားရောက်လုယက်ကြပြီး ဆာလောင်ငတ်မွတ်နေတဲ့လူတွေကလည်း ဝင်ပါခဲ့ကြပြီး အကြီးအကျယ် လုယက်ယူ ဆောင်ကြပါတယ်။
ကုလသမဂ္ဂက မကြုံစဖူးအဆင့်တွေလို့ ပြောရလောက်အောင် လမ်းပေါ်မှာ ထိန်းချုပ်ဖို့ ဂိုဏ်းအဖွဲ့တွေက အချင်းချင်း သို့မဟုတ် ရဲတွေနဲ့ တိုက်ပွဲတွေဖြစ်ကြပြီး ထောင်နဲ့ချီတဲ့လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရပြီး နိုင်ငံရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း တွေ ပိုဆိုးရွားလာခဲ့ပါတယ်။
ဒီနှစ် နှစ်ကုန်ပိုင်းမှာ စီစဉ်ထားတဲ့ သမ္မတနဲ့ ဥပဒေပြု ရွေးကောက်ပွဲတွေဟာ ဒေသခံ နိုင်ငံရေးသမားတွေနဲ့ ချိတ်ဆက်နေတဲ့ဂိုဏ်းတွေကနေ ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေမှာ လတ်တလော တိုးလာတဲ့အချက်တချက်ဖြစ်နိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။