ကိုဗစ်ကာကွယ်ရေး ကန့်သတ်ချက်အသစ်များ ထိုင်းအစိုးရထုတ်ပြန်

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံး ကူးစက်နေတာကို ကိုင်တွယ်ဖြေရှင်းဖို့ မြို့တော်ဘန်ကောက် ပတ်လည်မှာ ကန့်သတ်ချက်အသစ်တွေကို ထိုင်းအစိုးရက ဇွန် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ကန့်သတ်ချက်အသစ်ကို ဇွန် ၂၈ ရက်ကစပြီး ရက် ၃၀ ကြာ အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ပြီး ဘန်ကောက်မြို့တော်နဲ့ အနီးဝန်းကျင် ပြည်နယ် ၅ ခုက စားသောက်ဆိုင်တွေမှာ ထိုင်စားခွင့် တားမြစ်ပိတ်ပင်ချက်လည်းပါဝင်ပါတယ်။
ဒီကာလအတွင်းမှာ ဘန်ကောက်နဲ့ ပြည်နယ် ၅ ခုက ကုန်တိုက်တန်းတွေကို ည ၉ နာရီမှာ ပိတ်ရမှာ ဖြစ်ပြီး လူအယောက် ၂၀ ထက် ပိုစုဝေးမယ့် ပါတီတွေ ပွဲလမ်းသဘင်တွေနဲ့ လှုပ်ရှား မှုတွေကိုလည်း တားမြစ်ပိတ်ပင်မယ်လို့ ထိုင်းတော်ဝင်ပြန်ထမ်းအမိန့်စာမှာ ဖော်ပြပါတယ်။
နေရာ ၆ ခုက ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကိုလည်း ပိတ်ထားရမှာဖြစ်ပြီး အစုလိုက် ကူးစက်မှု ထိန်းချုပ်ရေးအတွက် အလုပ်သမားတန်းလျားတွေကို ပိတ်ထားမယ်လို့လည်း ဆိုပါတယ်။
မြို့တော်ဘန်ကောက်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အစုလိုက် ကူးစက်မှု အရေးပေါ် အခြေအနေ ပေါ်ပေါက်အပြီး ဒီအမိန့်ကို ထုတ်ပြန်ခဲ့တာပါ။
ဘန်ကောက်မှာ လုပ်သား အယောက် ၈၁၀၀၀ နေထိုင်ရာ အလုပ်သမား တန်းလျား ၅၇၅ ခု ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ဘန်ကောက်က အလုပ်သမား တန်းလျားတွေမှာ အစုလိုက် ကူးစက်မှု ၃၇ ခု ကို မေလကနေ အခုကြား တွေ့ရှိထားပါတယ်။
ဆောက်လုပ်ရေးလုပ်သားတွေ နေရာရွှေ့ပြောင်းတာနဲ့ ခရီးသွားတာကို ကန့်သတ်ဖို့ ဘန်ကောက်နဲ့ ပြည်နယ် ၅ ခုမှာ စစ်ဆေးရေးစခန်းတွေကို အာဏာပိုင်တွေက တပ်ချ ထားပါတယ်။
အလားတူ မလေးရှားနယ်စပ်နားက တောင်ပိုင်း ပြည်နယ် ၄ ခုမှာလည်း စစ်ဆေးရေးစခန်းတွေ တပ်ချထားဖို့ ထိုင်းအစိုးရက စီစဉ်နေပါတယ်။