close

လားရှိုးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး ထွက်ပြေး

ရှမ်းပြည်နယ် လားရှိုးမြို့မှာ  ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး ဇွန်လ ၂၇ ရက်နေ့က ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

လားရှိုး COVID-19 Operation Team တာဝန်ရှိသူတစ်ဦးက “Positive လူနာ ၂ ဦး ထွက်ပြေးတာ ဟုတ်တယ်ဗျ။ Confirm ဖြစ်တယ်ဗျ” လို့ ပြောပါတယ်။

ထွက်ပြေးသွားသူ နှစ်ဦးမှာ လူငယ်ပိုင်းဖြစ်ပြီး လားရှိုးရပ်ကွက် ၅၊ ၅၆၇ စျေးနားမှာ နေထိုင်သူတွေလို့ ဆိုပါတယ်။

“လက်ကျန်တွေက ရပ်ကွက်ထဲမှာ ကျန်နေတာ အမှန်က။ နေရာမရှိတဲ့အခါကျတော့။ ဒီနေ့မှ နေရာရတဲ့အခါကျတော့ အဲဒီအုပ်စုတွေကို ကျနော်တို့က ခွဲထည့်ရတာလေ” လို့ တာဝန်ရှိသူက ပြောပါတယ်။

ပိုးတွေ့လူနာ တရက်ထက်တရက် ပိုပိုများလာတာကြောင့် လားရှိုးပြည်သူ့ ဆေးရုံမှာ နေရာ မရှိတော့လို့  လားရှိုး ရပ်ကွက် ၁၂ မိုးလုံလေလုံ အားကစားကွင်းမှာ လူအယောက် ၂၀၀ စာ နေရာ ပြင်ဆင်နေပြီး ရပ်ကွက်ကနေ ကိုဗစ်သံသယရှိသူတွေကို ရွှေ့ပြောင်းပေးဖို့ ကျန်နေသေးတယ်လို့ ဆိုပါတယ်။

လားရှိုး ဇွန်လ ၂၆ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၃၀၀ ကျော် ရှိပြီဖြစ်ပြီး ဆေးရုံမှဆင်းလာသူ ၆၈ ဦးနဲ့ သေဆုံးသူ ၇ ဦးရှိပြီလို့ သိရပါတယ်။

လားရှိုး ပြည်သူ့ဆေးရုံကြီးရှိ စောင့်ကြည့်ကုသရေးစင်တာတွေမှာ နေရာလိုအပ်ချက်ကြောင့် လားရှိုးမြို့ ရပ်ကွက် ၁၂၊  ပြည်ထောင်စုအားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမကို အမျိုးသား ၁၀၀ ဦး၊ အမျိုးသမီး ၁၀၀ ဦးထားရှိ ကုသနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး မြို့နယ်အဆင့်ကော်မတီက စီစဉ်ဆောင်နေပြီး ဇွန်လ ၂၆ ရက် ညပိုင်းကစ လူနာတွေကို စတင်လက်ခံထားရှိနေပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up