close

နောင်ချိုတွင် ကိုဗစ်-၁၉ ပိုးတွေ့သူ များပြားလာ၍ လူနာထားရန် နေရာခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်၊ နောင်ချိုမြို့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတွေ နေ့စဉ်များပြားလာတဲ့အတွက် လူနာထားရှိတဲ့နေရာ အခက်အခဲရှိနေတယ်လို့ Covid-19  Operation Team NKO က ပြောပါတယ်။ 

ပိုးတွေ့လူနာစစ်ဆေးတွေ့ရှိချက်မှာ ရာခိုင်နှုန်း တိုးမြှင့်လာကြောင်း၊ ဒီကနေ့ ဇွန် ၂၉ ရက်မှာ အနံ့မရသူနဲ့ လူနာနဲ့ ထိတွေ့ဆက်စပ်မှုရှိခဲ့သူပေါင်း ၆၈ ဦး လာရောက်စစ်ဆေးရာမှာ အယောက် ၂၀ မှာ ပိုးတွေ့ပြီး ကလေးသူငယ်သက်ကြီးရွယ်အိုတွေပါ ပါဝင်ကြောင်း၊ ခုလို လူနာများလာတော့ ဆေးရုံမှာနေရာ မရှိတော့ဘဲ မြို့လယ်ခန်းမတွေမှာ သွားထားရတယ်လို့ နောင်ချို Covid-19  Operation Team  အဖွဲ့ဝင် ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းက ဒီဗွီဘီကို ပြောပါတယ်။

“အခက်အခဲက လတ်တလောမှာ လူနာတွေကိုထားဖို့အတွက် ဆေးရုံမှာ မဆံ့တော့ဘူး၊ ဆေးရုံက ၂၅ ခုတင်ဆံ့ဆိုတော့ အဲဒီမှာ မွေးလူနာဆောင်ရော၊ စားဖိုဆောင်တွေရော၊ သံဃာဆောင်တွေရော အားလုံးသုံးပြီးတော့မှ ခုတင် ၅၀ ကျော်ရအောင်လုပ်လိုက်တယ်။ ကျန်တဲ့လူနာတွေကို မြို့လယ် မြနန်းတော်ဝင်ခန်းမ ဒုတိယထပ်နဲ့ တတိယထပ်မှာထားတယ်။ အခုအဲဒါလည်း မကြာခင်မှာပြည့်တော့မယ့် အနေအထား ရှိတယ်၊ ပြည့်သွားရင် ကျနော်တို့ နေရတာ အခက်အခဲ ထပ်ဖြစ်ပါလိမ့်မယ်။ အဲဒါကို ကျန်းမာရေးဌာနနဲ့ အုပ်ချုပ်ရေးဌာနကို တင်ပြထား တာရှိပါတယ်။” 

နောင်ချိုမြို့မှာ ဒီကနေ့ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၂၁၉ ဦးရှိသွားပြီဖြစ်ပြီး အများစုမှာ အနံ့မရလို့ လာစစ်တဲ့သူတွေ ဖြစ်ကြောင်း၊ အဆိုပါလူနာများအနက်  ၁ ဦးသေဆုံးကာ ၃ ဦးကိုတော့ အောက်စီဂျင်စက်တပ်ပေးထားရတယ်လို့ ဆိုပါတယ်။ 

ကိုဗစ်-၁၉ လူနာတွေအတွက် ဆေးဖိုးဝါးခတွေကိုတော့ ဆေးရုံက အခမဲ့ကုသပေးနေပြီး စားသောက်စရာကို သက်ဆိုင်ရာမိသားစုဝင်တွေက ပို့ပေးနေသလို အလှူရှင်တွေလည်း လာရောက်ကျွေးမွေးလှူဒါန်းလို့ ဆေးဖိုးနဲ့စားရေးသောက်ရေးတော့ အခက်အခဲမရှိဘူးလို့ ဆိုပါတယ်။ 

နောင်ချိုဆေးရုံကနေ ကိုဗစ်-၁၉ စစ်ဆေးရေးလုပ်ငန်းတွေကို နေ့စဉ်မနက် ၉ နာရီကစ ဖွင့်လှစ်ဆောင်ရွက်ပေးနေပြီး အနံ့မရသူတွေ၊ လူနာနဲ့ ထိတွေ့ဖူးသူတွေ၊ မိမိကိုယ်မိမိ သံသ ယရှိသူတွေ လာရောက်စစ်ဆေးကြဖို့  နောင်ချို Covid-19  Operation Team  က တိုက်တွန်းနှိုးဆော်ထားပါတယ်။ 

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ၂၀၂၁ ဇွန်လ ၂၈ ရက်ည ၈ နာရီထိ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၁၅၄,၃၈၅ ဦးရှိပြီး ၁၃၅,၇၀၃ ဆေးရုံမှ ဆင်းခွင့်ရကာ သေဆုံးသူပေါင်း ၃,၃၀၉ ဦးရှိတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up