close

သီပေါမြို့မဈေးနှင့်ဝက်ဝံဈေးကို ဇွန် ၃၀ ရက်မှစတင်၍ တစ်ရက်ခြား အလှည့်ကျသာခွင့်ပြု

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ဖို့အတွက် ဝက်ဝံဈေးနဲ့ မြို့မစျေးကြီးကို ၂၀၂၁ ခုနှစ် ဇွန် ၃၀ ရက်ကစပြီး တစ်ရက်ခြား အလှည့်ကျ ဖွင့်လှစ်ရောင်းချဖို့ မြို့နယ်စည်ပင်က ထုတ်ပြန်ထားပါတယ်။

သီပေါမြို့မှာ နေ့စဉ် ပိုးတွေ့လူနာနဲ့ ထိစပ်များလာတဲ့အတွက် ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်ဖို့ ဆိုင်ခန်းတစ်ဝက်စီ  တစ်ရက်ခြား အလှည့်ကျဖွင့်ဖို့ စီစဉ်တာလို့ ဆိုပါတယ်။

နမ့်လန်ဈေးကို ယာယီပိတ်သိမ်းရေးအတွက် စစ်ဆေးကြပ်မတ်သွားဖို့ သီပေါမြို့နယ်စည်ပင်သာယာရေးဌာနက ထုတ်ပြန်ထားပါတယ်။

သီပေါမြို့မဈေးကြီး LF-44 ဆိုင်ခန်း (မှတ်ပုံတင်ဆိုင်ခန်း) တွေကို အလှည့်ကျ ဖွင့်လှစ်ရောင်းချဖို့နဲ့ နေ့ရက်အလိုက် အလှည့်ကျစနစ် ဖွင့်လှစ်ရောင်းချရမယ့် ဆိုင်ခန်း စာရင်းတွေကို သက်ဆိုင်ရာဈေးတာဝန်ခံရုံးမှာ ဆက်သွယ်စုံစမ်းဖို့ အသိပေးကြေညာထားပါတယ်။

ဈေးရောင်းချသူနဲ့ ဈေးဝယ်သူများအားလုံး လက်ဆေးကန်တွေမှာ စနစ်တကျ လက်ဆေးဖို့၊ ကိုယ်အပူချိန်တိုင်းတာကို စစ်ဆေးခံဖို့၊ သတ်မှတ်ကိုယ် အပူချိန် (38°C) မကျော်လွန်သူတွေကိုသာ နှာခေါင်းစည်းတပ်ဆင်ပြီးမှ ဈေးအတွင်း ဝင်ရောက်ခွင့်ပြုမယ်လို့ ဆိုပါတယ်။

ဈေးဆိုင်ခန်းရှင်အားလုံး ဆိုင်ခန်းဧရိယာထက်ကျော်လွန်ပြီး ကျူးကျော် တည်ခင်းရောင်းချတာ၊ လျှောက်လမ်းကျူးတာ၊ လေဝဲကျူးတာတွေ မပြုလုပ်ဖို့၊ ဈေးဆိုင်ခန်းတွေမှာ Alcohol ၆၀ ရာခိုင်နှုန်း အထက်ပါဝင်တဲ့ လက်သန့်စင်ဆေးရည်တွေ ထားရှိဖို့နဲ့ ဆိုင်ခန်းတစ်ခန်းမှာ ဆိုင်ရှင် ၁  ဦးနဲ့ လုပ်သား ၁ ဦးသာ ရောင်းချဖို့ စည်းကမ်းချက်တွေ ထုတ်ပြန်ထားပါတယ်။

သီပေါမြို့မစျေးကြီးနဲ့ ဝက်ဝံဈေးကို ဇွန် ၃၀ ရက်မှစပြီး မနက် ၆ နာရီခွဲမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

သီပေါမြို့နယ်မှာ ဇွန်လ ၂၉ ရက် မနက်ပိုင်းထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၀ ကျော် ရှိလာပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up