မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ် (၁) တံတားတွင် BGF တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်၊ ၂ ဦးသေဆုံး

မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ် (၁) တံတား လုံခြုံရေးယူတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချင်းချင်း ရန်ဖြစ်ရာက ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် ၂ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ မနက် ၁ နာရီလောက်က ကရင်ပြည်နယ် မြဝတီမြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁)ကို လုံခြုံရေးယူထားတဲ့ နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင် အချင်းချင်း စကားများရန်ဖြစ်ရာက ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။
တံတားအမှတ် (၁)မှာ လုံခြုံရေးတာဝန်ကျနေတဲ့ (BGF) နယ်ခြားစောင့်တပ် အမှတ် (၄) တပ်နယ် တပ်ရင်း (၁၀၁၉) က တပ်ကြပ်ကြီး စောအဲ့ဝါးက ရန်ဖြစ်စကားများတဲ့ တပ်သားအဆင့်ရှိ စောမောင်အေးကို ကာပိုင်သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အခင်းဖြစ်နေရာမှာ သေဆုံးသွားပါတယ်။
အဲဒီ့နောက် စောအဲဝါးက တပ်သား အောင်ကိုကို ဆက်လက်ပစ်ခတ်ရာ အောင်ကို ပြင်းထန်ဒဏ်ရာရရှိပြီး သင်္ဃန်းညီနောင်စစ်ဆေးရုံကို ပို့ဆောင်ကုသမှုခံယူနေပါတယ်။
ပစ်ခတ်တဲ့ စောအဲ့ဝါးလည်း သေနတ်နဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ မြဝတီမြို့ရဲစခန်းက အတည်ပြုပြောဆိုပါတယ်။