close

အမေရိကန်ဂျာနယ်လစ် ဒန်နီဖှန်စတာကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထား

မြန်မာနိုင်ငံ အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ အမေရိကန်ဂျာနယ်လစ် ဒန်နီဖှန်စတာကို ဇူလိုင် ၁ ရက်နေ့မှာ နောက်ထပ် ကြားနာစစ်ဆေးဖို့ စီစဉ်ထားပါတယ်။ 

အမေရိကန်ပြည်ထောင်စု မစ်ရှီဂန်ဇာတိ ဒန်နီဖှန်စတာဟာ မေလ ၂၄ ရက်က ဟန်တင်တန်ဝုဒ်ရှိ မိသားစုထံ သွားရောက်ဖို့ပြန်အလာ  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အဖမ်းခံခဲ့ရတာဖြစ်ပြီး မြန်မာတရားရုံးက ဇွန်လ ၁၇ မှာ ရမန် ၂ ပတ်ထပ်ယူ သက်တမ်းတိုးပြီး ထိန်းသိမ်းခဲ့ပါတယ်။ 

သူ့ရဲ့ ဆွေမျိုးတွေ၊ လွှတ်တော်အမတ်တွေနဲ့ အမေရိကန်အရာရှိတွေကတော့ ဘေးကင်းလုံခြုံစွာ လွတ်မြောက်ရေးအတွက် လုပ်ဆောင်နေကြပါတယ်။ 

ပြီးခဲ့တဲ့အပတ်ကတော့ အသက် ၃၇ နှစ်အရွယ်ရှိ  ဖှန်စတာဟာ အမေရိကန်သံရုံးက အရာရှိတွေနဲ့ ပထမဆုံးအကြိမ် စကားပြောခွင့် ရခဲ့တယ်လို့ သူနဲ့ညီ ဘရိုင်ယန် ဖှန်စတာက ပြောပါတယ်။

“အများကြီးတော့ မသိရသေးပေမယ့် သူဟာ ကောင်းကောင်းမွန်မွန် ရှိနေပြီးတော့ ထိခိုက်နာကျင်မှုလည်း မရှိပါဘူး”လို့ ဘရိုင်ယန်က ဇွန်လ ၂၃ ရက်မှာ ဖေ့စ်ဘွတ်ခ်မှာ ရေးထားပါတယ်။

“ကျနော်တို့ဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်ဆိုတာကို သတိကြီးကြီးနဲ့ အကောင်းမြင်ထားပြီးတော့ မကြာခင်မှာ သူနဲ့စကားပြောနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သေချာတာ တခုကတော့ ဒန်နီ အိမ်မရောက်သေးမချင်း #BringDannyHome ငါတို့ ဘက်က ရပ်တန့်သွားမှာ မဟုတ်ဘူး” လို့ ဆိုပါတယ်။ 

ဖှန်စတာ မန်နေးဂျင်းဒါရိုက်တာအဖြစ် လုပ်ကိုင်နေတဲ့ အွန်လိုင်း သတင်းနဲ့ စီးပွားရေးမဂ္ဂဇင်း Frontier Myanmar ကတော့ ဒန်နီဖှန်စတာဟာ ထောင်ဒဏ်သုံးနှစ် ကျခံရနိုင်တဲ့ စွဲချက်တခုကို ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။ 

Frontier Myanmar မဂ္ဂဇင်းကတော့ ဒီစွဲချက်ကို စွဲဆိုရတဲ့အကြောင်းပြချက်ကိုတော့ မသိဘူး လို့ ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up