close

NUG ယာယီသမ္မတ၊ ဝန်ကြီးများပါဝင်သည့် လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် ဖွဲ့စည်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ယာယီသမ္မတနဲ့ ပြည်ထောင်စု ဝန်ကြီးတွေပါဝင်တဲ့ လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေး ကော်မရှင်ကို ဇူလိုင် ၁ ရက်နေ့က စတင်ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။

ဒီကော်မရှင်ကိုတော့ မြန်မာနိုင်ငံအတွင်း ဘေးအန္တရာယ်အမျိုးမျိုး ကျရောက်ချိန်တွေမှာ ကူညီကယ်ဆယ်ရေး၊ လူသားချင်းစာနာမှု အထောက်အပံ့တွေ ပေးအပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လိုအပ်တဲ့ စီမံခန့်ခွဲမှု ကိစ္စရပ်တွေကို ကြီးကြပ်လမ်းညွှန်ပေးနိုင်ဖို့ ရည်ရွယ်ကာ ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။

ကော်မရှင်မှာ ဥက္ကဋ္ဌအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါ လရှီးလ၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က တာဝန်ယူထားကြပြီး အဖွဲ့ဝင်တွေအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနစတဲ့ ဝန်ကြီးဌာနတွေက ပြည်ထောင်စုဝန်ကြီးတွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က စတင်ခဲ့တဲ့ မတရားစစ်အာဏာသိမ်းမှုအပေါ် ပြည်သူတွေက လက်မခံဘဲ ဆန့်ကျင်ဆန္ဒပြခဲ့ကြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ အချိန် ၅ လတာကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် ကျဆုံးပြည်သူ ၈၈၀ ကျော်နဲ့ ဖမ်းဆီးခံရသူပေါင်း ၆၄၀၀ ကျော်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ စစ်အာဏာရှင် မလိုလားကြတဲ့ ဒေသခံတွေကြား ပဋိပက္ခတိုက်ပွဲတွေကြောင့် ကရင်၊ ချင်း၊ ကယား၊ ရှမ်း စတဲ့ ဒေသအသီးသီးမှာ ကျဆုံးရသူတွေ၊ ဖမ်းဆီးခံရသူတွေနဲ့အတူ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူတွေလည်း အများအပြား ရှိနေပါတယ်။

လတ်တလောမှာလည်း မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ်အနှံ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုဟာ တရက်ထက် တရက်ပိုမိုများပြားလာနေခဲ့ပြီး သေဆုံးသူအရေအတွက်လည်း ပိုမိုများပြားလာနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up