close

စစ်ဘေးရှောင်နှင့် ထိခိုက်လွယ်မိသားစုများအတွက် ငွေကျပ်သိန်း ၁၄၀၀ ကျော် ထောက်ပံ့

Photo : Ministry of Humanitarian Affairs and Disaster Management - NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက နိုင်ငံတဝန်း စစ်ဘေးရှောင်ပြည်သူတွေ၊ ထိခိုက် လွယ်မိသားစုတွေအတွက် ငွေကျပ်သိန်း ၁၄၀၀ ကျော် ထောက်ပံ့ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ထဲမှာတော့  စစ်ကောင်စီတပ်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် မြန်မာနိုင်ငံ အနှံ့အပြားမှာ အတိဒုက္ခရောက်နေကြတဲ့ ပြည်သူတွေအတွက် ထောက်ပံ့မှုတွေကို အခက်အခဲတွေကြားကနေ အမြန်ဆုံး ရောက်ရှိနိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေကြောင်းနဲ့ ပြည်တွင်းပြည်ပ မြန်မာပြည်သူတွေနဲ့ အဖွဲ့အစည်းတွေရဲ့ လှူ ဒါန်းမှုတွေနဲ့ ခုလိုထောက်ပံ့ပေးနိုင်ခဲ့တာဖြစ်တယ်လို့ ဖော်ပြပါတယ်။

လှူဒါန်းခဲ့တဲ့ ဒေသတွေထဲမှာတော့ ကရင်ပြည်နယ်၊ ဖလူးဒေသ စစ်ဘေးရှောင် ပြည်သူတွေအတွက် ငွေကျပ် ၈၁ သိန်းခန့် တန်ဖိုးရှိ စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ အပြင် ငွေကျပ် ၉၇ သိန်း ၄ သောင်း၊ ကရင်ပြည်နယ် တခြားဒေသတွေက  စစ်ဘေးရှောင် စခန်းတွေကို ငွေကျပ်သိန်း ၁၅၀ ခန့် တန်ဖိုးရှိ စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ၊ ရှမ်း ပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ စစ်ဘေးရှောင်တွေအတွက် ငွေကျပ် ၂၀၉ သိန်းခန့် တန်ဖိုး ရှိ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ၊ ကယားပြည်နယ် စစ်ဘေးရှောင် ပြည်သူတွေ အတွက် ငွေကျပ် ၃၂၅ သိန်း၊ ချင်းပြည်နယ် စစ်ဘေးရှောင် ပြည်သူတွေအတွက် ငွေကျပ် ၄၆၈ သိန်းခန့် တန်ဖိုးရှိ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေအပြင် ငွေကျပ် ၁၀ သိန်း၊ ပြည်တွင်း ဒေသအသီးသီးက ထိခိုက်လွယ်မိသားစုတွေအတွက် ငွေကျပ် ၉၂ သိန်း ၁ သောင်း ၅ ထောင် အသီးသီး ထောက်ပံ့ပေးပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ခုလိုလှူဒါန်းမှုတွေကိုတော့ ဇွန် ၆ရက်နေ့ကနေ  ၂၈ရက်နေ့အတွင်း လှူဒါန်းခဲ့တာ ဖြစ်ပြီး လုံခြုံရေးအခြေအနေတွေကြောင့် ထောက်ပံ့မှုသတင်းတွေကို အချိန်နဲ့ တပြေးညီ မထုတ်ပြန်နိုင်တာကို နားလည်ပေးဖို့လည်း မေတ္တာရပ်ခံထားတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က စတင်ခဲ့တဲ့ မတရားစစ်အာဏာသိမ်းမှုအပေါ် ပြည်သူတွေက လက်မခံဘဲ ဆန့်ကျင်ဆန္ဒပြခဲ့ကြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ အချိန် ၅ လတာကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် ကျဆုံး ပြည်သူ ၈၈၀ ကျော်နဲ့ ဖမ်းဆီးခံရသူပေါင်း ၆၄၀၀ ကျော်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ စစ်အာဏာရှင် မလိုလားကြတဲ့ ဒေ သခံတွေကြား ပဋိပက္ခတိုက်ပွဲတွေကြောင့် ကရင်၊ ချင်း၊ ကယား၊ ရှမ်း စတဲ့ ဒေသအသီးသီး မှာ ကျဆုံးရသူတွေ၊ ဖမ်းဆီးခံရသူတွေနဲ့အတူ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူတွေလည်း အများအပြား ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up