close

ဆိုက်ပရပ်စ်တွင် တောမီးလောင်၊ လူ ၄ ဦး သေဆုံး

ဆိုက်ပရပ်စ်နိုင်ငံမှာ ဒုတိယမြောက်နေ့အဖြစ် တောမီးအကြီးအကျယ်လောင်နေလို့ ဇူလိုင် ၄ ရက်မှာ လူ  ၄ ယောက် သေဆုံးသွားပါတယ်။

သစ်တောတွေသာမက အိမ်တွေ ဒါဇင်ချီ မီးလောင်ခဲ့လို့ မှတ်တမ်းရှိသမျှ အဆိုးဆုံး တောမီးလို့ အရာရှိ တစ်ယောက်က ပြောပါတယ်။

လေပြင်းတွေလည်း တိုက်နေလို့ ထရူးဒေါ့စ် တောင်တန်းရဲ့ တောင်ခြေက ၁၀ စတုရန်းမိုင် ကျယ်တဲ့ နေရာက လူနေ ရပ်ကွက် ၁၀ ရပ်ကွက် ထက်မနည်း တောမီး သင့်ခဲ့ပါတယ်။

 ဆိုက်ပရပ်စ်နိုင်ငံမှာ ကြုံဖူးသမျှ အဆိုးဆုံး တောမီးတွေထဲက တစ်ခုလို့ ဆိုက်ပရပ်စ် သမ္မတက ပြောပါတယ်။

တောင်စောင်းတလျှောက်က ထင်းရှူးနဲ့ သစ်သီးခြံတွေဟာ မီးကျွမ်းအပြီး အပြာရောင် မြေယာအခင်းအကျင်းသာ ကျန်ရစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဂရိနိုင်ငံက မီးသတ်လေယာဉ်တွေ မီးငြှိမ်းဖို့ ထွက်သွားပြီး အီတလီကလည်း မီးသတ်လေယာဉ်တွေ လွှတ်ဖို့ စီစဉ်နေတယ်လို့ ဥရောပကော်မရှင်က ပြောပါတယ်။

အစ္စရေးကလည်း ကူညီဖို့ ကတိပြုထားပြီး ဆိုက်ပရပ်စ်နိုင်ငံမှာ အခြေစိုက်တဲ့ ဗြိတိန် စစ်တပ်က လေယာဉ်တွေကလည်း ကူညီခဲ့ပါတယ်။

မီးသင့်တဲ့နေရာကို အပျက်အစီးမြေပုံ ထုတ်နိုင်ဖို့ ဥရောပသမဂ္ဂရဲ့ အရေးပေါ်သုံး ကော့ပါးနီးကတ်စ် ဂြိုဟ်တုကို သုံးခဲ့တယ်လို့ ဥရောပကော်မရှင်က ကြေညာချက် ထုတ်ပြန်ပါတယ်။ 

မီးလောင်ရတဲ့ အကြောင်းရင်းကို မသိရသေးကြောင်းနဲ့ လတ်တလော ရက်တွေမှာ ဆိုက်ပရပ်စ်နိုင်ငံအတွင်း အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ် ကျော်လွန်နေတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up