close

မူဆယ်နယ်စပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် တရုတ်က ကူညီမည်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နယ်စပ်မြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့နှုန်း များလာတာကြောင့်  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆက်စပ်ပစ္စည်းတွေနဲ့ တရုတ် နည်းပညာရှင်တွေ လာရောက်ကူညီမယ်လို့  မူဆယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ကျန်းမာရေး စစ်ဆေးနိုင်ဖို့ အဓိက ကူညီသွားမယ်လို့ တရုတ်ကျောင်း ကွာရန်တင်းစင်တာ တာဝန်ခံက ပြောပါတယ်။

“ဇွန်လ ၃ ရက်နေ့က တရုတ်ကျောင်းနဲ့ ၁၀၅ မိုင်ကို တရုတ်ပြည်က ဆေးအဖွဲ့ လာကြည့်တယ်။ တရုတ်တွေကလာတာ အဓိကကတော့ သူတို့ပညာရှင်တွေ လာကူညီမှာပေါ့။ ပညာရှင်တချို့နဲ့ Mobile leb ကူမယ်။ ဓာတ်ခွဲခန်း ၂ လုံး လှူမယ်။ အဲဒီနှစ်လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ ဆေးပစ္စည်းတွေ အားလုံးလှူမယ်။ နောက်ပြီးတော့ ကွာရန်တင်းစင်တာတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေ လှူမယ်ပေါ့။” 

တရုတ်နည်းပညာရှင်တချို့နဲ့ ရုံးအဖွဲ့၊ သူတို့ကို ချက်ပြုတ်ပေးမယ့်သူကအစ လူ ၁၀၀ လောက် လာမှာဖြစ်ပြီး မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ  အခြေစိုက်စခန်းတစ်ခုထိုင်ကာ ကွာရန်တင်းစင်တာသဘောမျိုးနဲ့ မြန်မာ-တရုတ် နယ်စပ်ဂိတ်ပေါက်တွေကနေ ဝင်/ထွက်လို့ရအောင် ကုန်တင်ကားသမားတွေ အားလုံးနဲ့ ယာဉ်နောက်လိုက်တွေကိုပါ ဆေးစစ်ပေးသွားမယ်လို့  ရှင်းပြပါတယ်။

၁၀၅ မိုင်မှာ အရင် ကိုဗစ် ဒုတိယလှိုင်းတုန်းက Test Kit နဲ့ ဆေးစစ်ပေးခဲ့တဲ့ အသောက ဆီဆိုင်ဟောင်းနေရာ ကားသမားတွေနဲ့ ယာဉ်နောက်လိုက်တွေအတွက်  ရောဂါပိုး ရှိ၊ မရှိ ဆေးစစ်ပေးသွားမှာဖြစ်ပြီး မူဆယ်ခရိုင် ပြည်သူ့ဆေးရုံမှာတော့ ပုံမှန်အတိုင်း ပိုး စစ်ဆေးရာမှာ ကူညီပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ 

မူဆယ် မြန်မာ - တရုတ် နယ်စပ်တွေမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နင်းဖို့နဲ့  ထိန်းချုပ်ကုသဖို့ အစိုးရချင်းအနေနဲ့  မဟုတ်ဘဲ လက်ရှိ တကယ် လက်တွေ့ အလုပ်လုပ်နေတဲ့ လူမှုကူညီရေး အသင်းအဖွဲ့တွေကနေတဆင့် ကူညီဖို့လာတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁ လ ခွဲခန့်ကတည်းက ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်နေတာ ဖြစ်ပြီး သက်ဆိုင်ရာဌာနတွေမှာ ခွင့်ပြုချက်တောင်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။ 

လက်ရှိ တရုတ်ပညာရှင်တချို့ကတော့ ရောက်ရှိနေပြီဖြစ်ပြီး ဘယ်နေ့က စတင် ဆေးစစ်သွားမယ်ဆိုတာ မသိရသေးပါဘူး။

ကုန်တင်ကားတွေအတွက် စစ်ဆေးပေးမယ့် ၁၀၅ မိုင် အသောကဆီဆိုင်ဟောင်းနေရာမှာတော့ အဆင်သင့်ဖြစ်နေပြီဖြစ်ကာ သစ်သီးကုန်စည်ဒိုင် အပေါ်မှာလည်း နေရာတစ်ခုပြင်ဆင်နေပြီး ဆေးစစ်ခကိုတော့ ကုန်ကျစရိတ် ပေးရမလား၊ အခမဲ့ စစ်ပေးမလားကိုတော့ မသိသေးပါဘူး။ 

အရင် ကိုဗစ် ဒုတိယလှိုင်းတုန်းကလည်း တရုတ်ဘက်က မူဆယ်ခရိုင်ဆေးရုံမှာ ဓာတ်ခွဲစက်ကြီးနဲ့ ဆက်စပ်ဆေးဝါးပစ္စည်းတွေ လှူဒါန်းပေးခဲ့ပါတယ်။ 

Photo : Muse COT

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up