close

နျူကလီးယားလက်နက်တိုးချဲ့လာသည့် တရုတ်ကို အမေရိကန် သတိပေး

တရုတ်နိုင်ငံရဲ့နျူကလီးယားစွမ်းအင်လက်နက်တွေ အလျင်အမြန် တိုးချဲ့လာခြင်းဟာ စိုးရိမ်ပူပန်စရာကောင်းပြီး လက်နက်တွေကို မတည်မငြိမ်ဖြစ်မှုအန္တရာယ်ကို လျှော့ချဖို့ လက်တွေ့ ကျတဲ့ အစီအမံတွေလုပ်ဖို့ ပေကျင်းအစိုးရကို အမေရိကန်အစိုးရက ဇူလိုင် ၁ ရက်မှာ တောင်းဆို လိုက်ပါတယ်။ 

“မျှမျှတတပြောရရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ PRC ရဲ့ နျူကလီးယားလက်နက်ဟာ အရင်ကမျှော်မှန်းထားတာထက် ပိုပြီးမြန်မြန်ဆန်ဆန်နဲ့ ပိုမိုမြင့်မားတဲ့အဆင့်ကို တိုးတက်လာ လိမ့်မယ်ဆိုတဲ့ အစီရင်ခံစာတွေနဲ့ တခြားဖြစ်ပေါ်တိုးတက်မှုတွေက အကြံပြုထားတယ်” လို့  နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်စ်က ဝါရှင်တန်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ‌ပြောဆိုပါတယ်။

လက်နက်တွေ တိုးချဲ့လာတာတွေကို တရုတ်တွေအနေနဲ့ ဖုံးကွယ်ထားဖို့ ပိုခက်ခဲလာတယ်လို့လည်း ဆိုပါတယ်။

တရုတ်ဟာ သူ့နိုင်ငံအနောက်ဘက်က သဲကန္တာရမှာ ဒုံးကျည်အသစ် ၁၀၀ ကျော်ကို စတင်တည်ဆောက်နေတယ်ဆိုတဲ့ ဝါရှင်တန်ပို့စ်သတင်းစာမှာ ဖော်ပြထားတဲ့ သတင်းနဲ့ ပတ်သက်ပြီး နက်ဒ်ပရိုက်စ်က နျူကလီယာလက်နက် ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေဟာ နျူကလီယား အန္တရာယ်တွေ လျှော့ချဖို့နဲ့ မှားယွင်းတွက်ချက်မှုတွေကို ရှောင်ကြဉ်ဖို့ တစ်ဦးနဲ့တစ်ဦး တိုက်ရိုက် ဆွေးနွေးကြတာဟာ လူတိုင်းရဲ့ အကျိုးစီးပွား‌အတွက်ကြောင့်လို့ ပြောပါတယ်။

ဒါကြောင့်ပဲ သမ္မတ ဘိုင်ဒန်ဟာ ရုရှားသမ္မတ ပူတင်နဲ့ ဆက်ဆံမှုမှာ မဟာဗျူဟာမြောက်တည်ငြိမ်မှုကို ဦးစားပေးခဲ့တာလို့ ဆိုပါတယ်။

တူညီတဲ့ ကျိုးကြောင်းဆင်ခြင်မှုဟာ တခြားနျူကလီယာလက်နက်ပိုင်ရှင် PRC နဲ့လည်း သက်ဆိုင်နေတယ်လို့ ပြောသွားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up