ရေစကြိုတွင် ကျောင်းဆရာမ ၂ ဦး ကိုဗစ်ကူးစက်ခံရ၊ ကျောင်းမပိတ်သဖြင့် မိဘများစိုးရိမ်



မကွေးတိုင်း၊ ရေစကြိုမြို့မှာ ဇူလိုင် ၆ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာ ၉ ဦးတွေ့ရှိပြီး အထက ၁ ကျောင်းဆရာမ ၂ ဦး ပါဝင်တဲ့အတွက် ကျောင်းသား ကျောင်းသူတွေကို ရောဂါပိုး ကူးစက်ပြန့်ပွားမှာကို စိုးရိမ်တယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
ဆရာမ ၂ ဦး ပိုးတွေ့ခဲ့ပေမယ့် ကျောင်းကို အသွားအလာကန့်သတ်တာ မရှိတဲ့အပြင် ကျောင်းဖွင့်ပြီး ဆက်လက်ပညာသင်ကြားနေတာကြောင့် ကျောင်းသား ကျောင်းသူတွေကို ရောဂါပိုးကူးစက်ပြန့်ပွားမှာကို မိဘတွေက စိုးရိမ်နေကြတာပါ။
ကျောင်းသားမိဘတစ်ဦးက “ဆရာမ ၂ ယောက်ဆီက ပိုးတွေ့တာတောင် ကျောင်းဝင်းကို အသွားအလာ ကန့်သတ်ဖို့ မပြောနဲ့၊ ကျောင်းက ဘာမှမဖြစ်တဲ့အတိုင်း ဖွင့်မြဲဖွင့်လျက်ပဲ။ ကလေးတွေကို ရောဂါကူးတာ မကူးတာ သူတို့နဲ့မဆိုင်သလို ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့သဘော။ စာမသင်ရလို့ ဘာမှမဖြစ်ဘူး၊ ရောဂါမကူးစက်အောင် မိဘတွေက ကလေးတွေကို ကျောင်းမလွှတ်သင့်ဘူး” လို့ ပြောပါတယ်။
ပညာရေးမှူးရုံး ဝန်ထမ်းတစ်ဦးက “ကျောင်းပိတ်ဖို့ ပညာရေးဌာနက တရားဝင်စာထုတ်တာ မရှိဘူး။ ကျောင်းတွေက သူတို့သဘောနဲ့သူတို့ ပိတ်တာတော့ ရှိတယ်။ လက်ရှိမှာ ကျောင်းတွေပိတ်ဖို့ ညွှန်ကြားတာမရှိသေးဘူး” လို့ ပြောပါတယ်။
မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း ၁၇ ကျောင်း၊ အလယ်တန်း၊ မူလတန်းကျောင်းပေါင်း ၂၀၉ ကျောင်းကို စစ်ကောင်စီအမိန့်နဲ့ ဖိအားပေးဖွင့်လှစ်ထားပါတယ်။
ကိုဗစ်အတည်ပြုလူနာ တိုးလာနေပေမယ့် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေ၊ စျေးတွေ ပိတ်ပင်တား မြစ်တာတွေ၊ အသွားအလာကန့်သတ်တာတွေ မရှိတဲ့အပြင် စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေမှာ လူစုလူဝေးနဲ့ ဆိုင်ထိုင်စားစနစ်တွေ ရှိနေတဲ့အတွက် ရောဂါကူးစက်ပြန့်ပွားလာမှာ စိုးရိမ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဇူလိုင် ၁ ရက်နေ့က ခရီးသွားရာဇဝင်ရှိတဲ့ ကိုဗစ်အတည်ပြုလူနာကတဆင့် ရောဂါပိုး ကူးစက်ပြန့်ပွားခဲ့ရာမှာ မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်အပါအဝင် အတည်ပြုလူနာ ၁၆ ဦးရှိခဲ့ပြီး ဇူလိုင် ၆ ရက်နေ့မှာ အတည်ပြုလူနာ ၉ ဦးထပ်မံ တွေ့ရှိခဲ့တဲ့အတွက် စုစုပေါင်း အတည်ပြုလူနာ ၂၅ ဦးထိ ရောဂါကူးစက်ခံထားရပါတယ်။