close

စစ်ကောင်စီရောင်းစားမည့် နိုင်ငံပိုင်မြေနှင့် အဆောက်အဦများဝယ်ယူပါက ပြန်သိမ်းမည်ဟု NUG ကြေညာ

အာဏာသိမ်း စစ်ကောင်စီကနေ ရောင်းချမယ့် နိုင်ငံပိုင်မြေနဲ့  အဆောက်အဦ၊မြေကွက်တွေကို ဝယ်ယူထားပါက နိုင်ငံပိုင်အဖြစ် ပြန်လည် သိမ်းယူသွားမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ ဇူလိုင် ၉ ရက်ရက်စွဲနဲ့ ကြေညာပါတယ်။

စစ်ကောင်စီရဲ့ လက်အောက်ခံ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်က နိုင်ငံပိုင်မြေ၊ အဆောက်အဦနဲ့ မြေကွက် ၂၃ ခုကို အိပ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချဖို့ စီစဉ်ဆောင်ရွက်နေတာဟာ တရားဝင်မှု မရှိတာကြောင့် မဝယ်ယူကြဖို့နဲ့ ဝယ်ယူထားပါကလည်း နိုင်ငံပိုင်အဖြစ် ပြန်လည် သိမ်းယူမယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၆ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ နိုင်ငံပိုင်မြေ၊ အဆောက်အဦနဲ့ မြေကွက်တွေကို ရောင်းချဖို့ အိပ်ဖွင့်တင်ဒါခေါ်ယူခဲ့တာပါ။

ဒါတွေဟာ ပြည်သူပိုင် ပစ္စည်းတွေသာ ဖြစ်တဲ့အတွက် ပြည်သူလူထုကို ကိုယ်စားမပြုတဲ့ အကြမ်းဖက် စစ်ကောင်စီနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေဟာ စီမံပိုင်ခွင့်နဲ့ ရောင်းချပိုင်ခွင့် မရှိဘူးလို့ NUG က ဆိုထားပါတယ်။

ကချင်၊ စစ်ကိုင်း ၊ တနင်္သာရီ၊ ပဲခူး ၊ မွန်နဲ့ ရှမ်းပြည်နယ်တို့က ‌နိုင်ငံပိုင်မြေ၊ အဆောက်အဦနဲ့ မြေကွက်တွေကို စစ်ကောင်စီလက်အောက်ခံ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်က တာဝန်ယူ ရောင်းချဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါတွေကို ဝယ်ယူထားတဲ့ ဘယ်သူ့ထံကမဆို ပြည်သူပိုင်အဖြစ် ပြန်လည် သိမ်းဆည်းမယ်လို့ NUG က ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up