close

ပြည်မြို့ရှိ လွှတ်တော်အမတ် ၁ ဦး၏နေအိမ်မှ ပစ္စည်းများကို စစ်ကောင်စီက သိမ်းယူ

ပဲခူးတိုင်း၊ ပြည်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျရဲ့ နေအိမ်တွင်းက ပစ္စည်းတွေကို ဇူလိုင် ၆ ရက် မနေ့က  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ပြီး သိမ်းယူသွားခဲ့ပါတယ်။ 

ပြည်မြို့၊ ရွာဘဲနယ်မြေ၊ စစ်မှုကွက်သစ်၊ ကနောင်မင်းသားကြီးလမ်းပေါ်ရှိ  ဦးကျော်ဇေယျရဲ့ နေအိမ်မှာ မနေ့က နှစ်ကြိမ် လာရောက် သိမ်းယူသွားတာလို့  ဦးကျော်ဇေယျက ပြောပါတယ်။

“မနက် ၁၁ နာရီလောက် လိုက်ထရပ်ကားနဲ့ လာယူသွားတာ။ ညနေပိုင်းကျတော့ ဖောကားနဲ့ လာသယ်သွားတယ်။ ၂ ကြိမ်ပါ ယူနီဖေါင်းနဲ့လူတွေက လုံခြုံရေးယူပေးတယ်။ အရပ်ဝတ်နဲ့လူတွေက အိမ်ထဲက ပစ္စည်းတွေ ထုတ်သယ်တယ်။ ဘာတွေပါသွားသလဲတော့ မသိသေးဘူး။ ကျနော်တို့က အဝတ်တထည် ကိုယ်တခုနဲ့ ထွက်လာတော့ အိမ်မှာအကုန်ထားခဲ့တာ။”

ပြည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျဟာ စစ်တပ်အာဏာသိမ်းတဲ့နေ့ ဖေဖော်ဝါရီ ၁ ရက်ကနေ့က ပထမဆုံးအကြိမ် ဖမ်းဆီးခံရကာ ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ဖေဖေါ်ဝါရီလဆန်းပိုင်းကစတင်ကာ ပြည်မြို့ပေါ်ရှိ ဆန္ဒပြပွဲတွေပါ ပါဝင်ခဲ့တာကြောင့် မကြာခဏဆိုသလို သူ့ နေအိမ်ကို စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားရောက်ရှာဖွေလေ့ရှိပြီး၊  နောက်ပိုင်း မိသားစုလိုက် နေအိမ်စွန့်ခွာထားခဲ့ရကြောင်း ဦးကျော်ဇေယျကပြောပါတယ်။

“အခုဟာက ဥပဒေမဲ့လုပ်နေတာ။ မိုက်ကြေးခွဲနေတာပါ။ ဖမ်းချင်တဲ့လူ မတွေ့လို့ ပစ္စည်းတွေသိမ်းတယ်ဆိုတာ ဓားပြတွေရဲ့လုပ်ရပ်ပါ” လို့ သူက ဆိုပါတယ်။ 

ဦးကျော်ဇေယျဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ပြည်မြို့နယ်ရဲ့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂ ကြိမ်ဆက်တိုက် အရွေးခံခဲ့ရတဲ့ လူငယ်လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်ပြီး၊ အခုချိန်မှာတော့ လွတ်မြောက်နယ်မြေကို မိသားစုလိုက် ရောက်ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up