close

ကွတ်ခိုင် စစ်ရှောင်စခန်းများ၌ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မည်ကို စိုးရိမ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကာလှိုင်ဇွပ်အောင် စစ်ရှောင်စခန်းက ပြည်သူတွေဟာ တိုက်ပွဲတွေကိုရော ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့လာမှာကိုပါ စိုးရိမ်နေကြရတယ်လို့ စစ်ရှောင်စခန်း တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

စစ်ရှောင်စခန်းအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ တိုက်ပွဲဖြစ်နေတဲ့အပြင် ကွတ်ခိုင်မြို့မှာ ကိုဗစ်အတည်ပြုလူနာများပြားလာပေမဲ့ စစ်ရှောင်ပြည်သူတွေနဲ့ စခန်းအနီး ဝင်ထွက်သွားလာသူတွေရဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို မလုပ်ဆောင်နိုင်တာကြောင့် ရောဂါပြန့်ပွားလာမှာကို စိုးရိမ်နေကြတာပါ။

စခန်းတာဝန်ခံ ကိုနော်လောန်က  "စခန်းအနီးမှာပဲ တိုက်ပွဲတွေက နေ့စဥ်ဖြစ်နေတာ။ တိုက်ပွဲဖြစ်တော့ စခန်းမှာ ကိုဗစ်စစ်ဆေးတာတွေ မလုပ်နိုင်ဘူး။ ဒီထက်ဆိုးတာက စခန်းမှာရှိတဲ့လူတွေအတွက် နှာခေါင်းစည်း၊ လက်ဆေးရည်တွေ လိုအပ်တယ်။ လာရောက်လှူဒါန်းမယ့် အဖွဲ့အစည်းတွေက တိုက်ပွဲတွေကြောင့် မလာရဲတာလည်း ဖြစ်နိုင်တယ် "လို့ ဆိုပါတယ်။

အရင် အရပ်သားအစိုးရ လက်ထက်က စစ်ရှောင်ပြည်သူတွေကို ကိုဗစ်ရောဂါအကြောင်း အသိပညာပေးတာ၊ လိုအပ်တဲ့ ကျန်းမာရေးပစ္စည်းတွေ ထောက်ပံ့တာတွေရှိခဲ့ပေမယ့် စစ်ကောင်စီလက်ထက် ဘာအကူအညီမှ မရရှိဘူးလို့ စစ်ရှောင်ပြည်သူတွေက ဆိုပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ လာရှိုးခရိုင် အုပ်ချုပ်ရေးအထောက်အကူပြုအရာရှိ၊ ဒေါ်သန္တာမိုးက "ကိုဗစ်တတိယလှိုင်းမှာ lNGO တွေ မရောက်တဲ့အတွက် အခက်အခဲ ရှိနိုင်တယ်။ လိုအပ်ချက်ရှိတဲ့ ဒေသတွေ၊ စစ်ရှောင်စခန်းတွေကို အသင်းအနေနဲ့  ကျန်းမာရေးပစ္စည်းတွေ ကူညီပေးသွားဖို့ ရှိတယ်" လို့ ပြောပါတယ်။

ဇူလိုင် ၇ ရက်နေ့အထိ ကွတ်ခိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉   အတည်ပြုလူနာ ၂၃၀ ကျော်ရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up