close

အောက်ဆီဂျင်လိုအပ်နေသူများထံမှ အခွင့်ကောင်းယူ၍ လိမ်ညာအမြတ်ထုတ်မှုများ ရှိနေ

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းကာလ ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ သံသယလူနာတွေ တစ်နေ့ထက် တစ်နေ့များပြားလာနေရာမှာ  အောက်ဆီဂျင်လိုအပ်ချက် မြင့်တက်လာတာနဲ့အတူ  အောက်ဆီဂျင်လိုအပ်နေသူတွေထံက အခွင့်ကောင်းယူပြီး  အွန်လိုင်းမှတစ်ဆင့် လိမ်ညာအမြတ်ထုတ်မှုတွေလည်း  ရှိလာပါတယ်။ 

ပရဟိတသမားတစ်ဦးက'' အောက်ဆီဂျင်ဘူးရမယ်။ အောက်ဆီဂျင်စက်ရမယ် ပိုက်ဆံတစ်ဝက်လွှဲပေးပါ။ အပြည့်လွှဲပေးပါဆိုရင် လုံးဝမလွှဲပေးပါနဲ့။ ပစ္စည်းရောက်ငွေရှင်းရမှသာ မှာကြဝယ်ကြပါဗျ။ အခုလိုအောက်ဆီဂျင် လိုအပ်သူများနေတာကို အခွင့်ကောင်းယူပြီး လိမ်ညာအမြတ်ထုတ် လုပ်စားနေသူတွေရှိနေလို့ပါ'' လို့ ပြောပါတယ်။ 

ပရဟိတအသင်းတွေမှာရှိနေတဲ့ အောက်ဆီဂျင်ဘူး အရေအတွက်ထက် လိုအပ်ချက်က ပိုများနေတာ၊ စျေးကွက်ထဲမှ လိုသလောက် ဝယ်ယူမရရှိနိုင်တာတွေကြောင့်  အခွင့်ကောင်းယူပြီး လိမ်လည်အမြတ်ထုတ်တာတွေ ရှိလာရာ ပြည်သူတွေအနေနဲ့  သတိပြုဖို့ လိုအပ်ပါတယ်။

လက်ရှိ စျေးကွက်အတွင်း အောက်ဆီဂျင်ဘူး၊ အောက်ဆီဂျင်စက်တွေ ပစ္စည်းပြတ်လပ်နေသလို မူလစျေးထက် နှစ်ဆ၊ သုံးဆ မြင့်တက်နေပါတယ်။ 

40L အောက်ဆီဘူး တစ်ဘူးကို အရင်က  ကျပ်တစ်သိန်းခွဲသာ စျေးရှိခဲ့ပေမဲ့ ခုအခါ ကျပ် သုံးသိန်းခွဲကျော်ထိ စျေးရှိနေပါတယ်။ အောက်ဆီဂျင် စက်တစ်လုံးကို အရင်က ကျပ်  ၁၀ သိန်းလောက်သာ စျေးရှိခဲ့ပေမဲ့ ခုအခါ ကျပ် သိန်း ၂၀ လောက် ပေးဝယ်နေရပါတယ်။

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၄,၃၂၀ ယောက်၊ သေဆုံးသူ ၆၄ ယောက်  ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၁၈၄,၃၇၅ ယောက်ထိ ရှိလာပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၉ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up