တောင်တွင်းကြီးမြို့က ကိုဗစ်လူနာ ရဲတပ်ဖွဲ့ဝင်များအတွက် အလှူရှင်မရှိ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရတဲ့ ရဲတပ်ဖွဲ့ဝင်တွေအတွက် အလှူရှင် မရှိသလောက် နည်းပါးနေတယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။
''အလှူရှင်တွေက ကိုဗစ်လူနာ ရဲတွေအတွက် ထည့်မလှူချင်ကြဘူး။ တချို့အလှူရှင်တွေဆိုရင် ရဲတွေအတွက်မပါဘူး။ သူတို့အတွက် သီးသန့်အလှူရှင်ရှာနေရတယ်။ တချို့ရက်တွေဆိုလည်း ကိုယ်ကပဲ စိုက်လုပ်ပေးလိုက်ရတဲ့နေ့တွေရှိတယ်'' ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဇူလိုင် ၆ ရက် ဆေးစစ်ရာမှာ ရဲတပ်ဖွဲ့ဝင်နဲ့ ရဲ မိသားစု ၁၅ ဦးလောက် ကိုဗစ်ပိုးတွေ့လို့ တောင်တွင်းမြို့နယ်က ပရပ်ကြယ်တိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတာပါ။
အလှူရှင်တစ်ဦးကလည်း ''ရဲနဲ့စစ်သား မသနားနဲ့ဆိုသလိုဘဲ သူတို့အတွက်ထည့်မလှူဘူး။ စေတနာထားစရာတကွက်မှမရှိဘူး။ တခြားအလှူရှင်တွေကိုလည်း ရဲနဲ့စစ်သားတွေအတွက် ထည့်မလှူပါနဲ့လို့ပြောချင်တယ်'' လို့ ပြောပါတယ်။
တောင်တွင်းကြီးမြို့နယ်အတွင်း ကိုဗစ်တတိယလှိုင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၁၅၆ ဦးရှိပြီး သေဆုံးသူ ၅ ဦးရှိပြီလို့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေဆီက သိရပါတယ်။