close

ထိုင်းတွင် ကိုဗစ်ရောဂါအရေး စီမံခန့်ခွဲမှုညံ့ဖျင်းသဖြင့် ဝန်ကြီးချုပ်နုတ်ထွက်ပေးရန် ဆန္ဒပြ

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ နေ့စဉ်ထောင်နဲ့ချီ မြင့်တက်နေတာကြောင့်  အစိုးရရဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ရေး စီမံခန့်ခွဲမှုညံ့ဖျင်းလို့ဆိုပြီး ဝန်ကြီးချုပ် ပရာရွတ်နဲ့ ကျန်းမာရေးဝန်ကြီးတို့ တာဝန်သိစွာ နုတ်ထွက်ပေးဖို့ ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲဦးဆောင်သူကတော့ ရှေ့နေ နိုင်းဆုမ်ဘတ်ဘွန်းငမ်းအနုန်းနဲ့ ထိုင်းမိုက်ထုန်း ( ထိုင်းကသည်းမခံ ) လူထုအဖွဲ့ဖြစ်ပြီး  ဇူလိုင် ၁၀ ရက်နေ့က ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြသူတွေဟာ ရှေးဦးစွာ ဘန်ကောက်မြို့လည် ဒီမိုကရေစီအထိမ်း အမှတ်ကျောက်တိုင်မှာ စုဝေးပြီး မော်တော်ကား၊ ဆိုင်ကယ်တွေနဲ့ ဟွန်းတီးကာ မြို့ကိုလှည့်ပတ်ခဲ့ပါတယ်။

သူတို့ဟာ လက်ရှိဝန်ကြီးချုပ်ရဲ့ PPP ပါတီကို ထောက်ပံ့ပေးနေတဲ့ ဒီမိုကရက်ပါတီဌာနချုပ်ကို သွားရောက်ပြီး ဝန်ကြီးချုပ်ထိုင်ဖို့ လှေကိုလှော်ပေးနေတာရပ်တံ့ဖို့ ဆိုတဲ့ စာတန်းနဲ့ ဆန္ဒပြခဲ့ပါတယ်။ 

ဆက်လက်ပြီးဝန်ကြီးနေရာရဖို့ PPP ပါတီနဲ့ ညွန့်ပေါင်းလုပ်ခဲ့တဲ့ ဘမ်ဂျိုင်ထိုင်းပါတီ ဌာနချုပ်ကိုလည်းသွားရောက်ပြီး ရွေးကောက်ပွဲမဲဆွယ်ခင်က ပေးခဲ့တဲ့ကတိတွေ ပျက်ကွက်ခဲ့ တာ၊ ကျန်းမာရေးဝန်ကြီးနေရာယူပြီး ပြည်သူ့ကျန်းမာရေးကောင်းစွာစီမံခန့်ခွဲမှု မရှိတာကြောင့် နုတ်ထွက်ဖို့အော်ဟစ်ကာ ပါတီဆိုင်းဘုတ်ကို သွေးရောင်ဆေးတွေဖျန်းပြီး Mask ချိတ်ဆွဲပြီး ဆန္ဒပြခဲ့ပါတယ်။ 

အဲဒီနောက် PPP ပါတတီဌာနချုပ်ကိုလည်းသွားရောက်ပြီး ဝန်ကြီးချုပ်နဲ့ အစိုးရစီမံခန့်ခွဲမှုညံ့ဖျင်းလို့ ပြည်သူတွေ အသက်ဆုံးရှုံး၊ စီးပွားရေးထိခိုက်ရတဲ့ အကြောင်းနဲ့ တာဝန်သိစွာ နုတ်ထွက်ပေးဖို့၊ တောင်းဆိုချက်မလိုက်လျောရင် နောက်တခါ အစိုးရအိမ်တော်ထိသွားပြီး ဆန္ဒပြမယ်လို့  ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပါတီရုံးရှေ့မှာ လည်း ပြည်သူ့အခွန်ငွေတွေ သုံးဖြုံးအလွဲသုံးစားလုပ်တယ်ဆိုပြီး ပေါင်ဒါမှုန့်တွေနဲ့ ပက်ခဲ့ပါတယ်။ 

ဆန္ဒပြစစ်ကြောင်းကို စင်ထရယ်ဝေါလ်ကုန်တိုက်ကြီးရှေ့ ရာ့ချ်ပဆုန်လမ်းဆုံမှာ အဆုံးသတ်ခဲ့ပြီး လမ်းတလျှောက်မှာ လမ်းဘေးကပြည်သူ၊ ဆိုင်ကယ်၊ တက္ကစီသမား တွေလည်း လက်သုံးချောင်းထောင်ပြီး အော်ဟစ်အားပေးခဲ့ပါတယ်။

လုံခြုံရေးရဲတပ်ဖွဲ့တွေက ဝင်ခွင့်မပြုတဲ့နေရာတွေကို သံတံတိုင်းတွေနဲ့ ကာရံပြီး အခြေအနေစောင့်ကြည့်တာကလွဲလို့  အကြမ်းဖက်နှိမ်နင်းမှုတွေ မရှိခဲ့ပါဘူး။  ညဘက်မှာတော့ ဆန္ဒပြခေါင်းဆောင်က နောက်တခါ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြမယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ 

ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ တတိယလှိုင်းမှာ လူနာတွေ နေ့စဉ် သောင်းဂဏန်းနီးပါး မြင့်တက်နေပြီး ခုတင်မရတဲ့ပြဿနာ၊ အရေးပေါ်ကားက လူနာကို လာမကြိုလို့ အသက်ဆုံးရှုံးရတာ၊ ကာကွယ်ဆေးထိုးထားပေမယ့် ကိုဗစ်-၁၉ ကူးစက်ခံရပြီး အသက်ဆုံးရှုံးမှုတွေ ရှိနေတာ၊ အလုပ်လက်မဲ့ ပြဿနာ၊ စီးပွားရေးကျဆင်းမှုပြဿနာတွေကြောင့် အစိုးရအပေါ်မကျေနပ်မှုတွေ တနေ့တခြား တိုးပွါးနေတာပါ။ 

ကိုးကား - Thairath/ThaiPBS

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up