လွိုင်ကော်တွင် ကိုဗစ်-၁၉ လူနာ ၂၂ ဦးထပ်တိုး၊ကယားတပြည်နယ်လုံး ၈၅ ဦးအထိ ရှိလာ

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ဒီကနေ့ ဇူလိုင် ၁၂ ရက်နေ့ တစ်ရက်တည်း လူပေါင်း ၆၃ ဦးကို စစ်ဆေးရာမှာ ၂၂ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနဆီက သိရပါတယ်။
ဒါကြောင့် လက်ရှိ လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၇၆ ဦး ရှိနေပြီး အဲဒီထဲက ၂ ဦး သေဆုံးသွားခဲ့ပြီး ဖြစ်ပါတယ်။
မနေ့ ဇူလိုင် ၁၁ ရက်ကလည်း ဖရူဆိုမြို့နယ် ထီးထရဲရပ်ကွက်ရှိ ဝက်သား အရောင်းဒိုင်ပြုလုပ်တဲ့နေရာမှ ဖျားနာပြီး ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားသူကို စစ်ဆေးရာမှာ ကိုဗစ် ပိုးတွေ့ရှိခဲ့ပြီး သူနဲ့ထိတွေ့မှုရှိသူတွေကို ထပ်မံစစ်ဆေးရာမှာ ၄ ဦး ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် လက်ရှိကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၇၆ ဦး၊ ဖရူဆိုမှာမြိုနယ်မှာ ၄ ဦး၊ ဘောလခဲမြို့နယ်မှာ ၄ ဦးနဲ့ ဖားဆောင်းမြို့နယ် ၁ ဦး တို့ ဆေးကုသမှုခံယူနေရပါတယ်။
ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်ကတော့ ဒီကနေ့ ပိုးတွေ့ရှိသူ ၂၂ ဦးဟာ တခြားမြို့ကလာတာတွေရော၊ ပြည်နယ်တွင်း ကူးတာတွေရော ပါတယ်လို့ ပြောပါတယ်။ ဒါကြောင့် ဒါဟာ ပြည်နယ်အတွက် စိုးရိမ်စရာဖြစ်တယ်လို့ ပြောပါတယ်။
“သေတာ ၃ ယောက်ရှိပြီ၊ စိုးရိမ်စရာရှိပါတယ်။ ရောဂါအခံရှိတဲ့သူတွေ အသက်ကြီးတဲ့လူတွေ ကူးစက်ခံရရင် အသက် အန္တရာယ်ရှိနိုင်တာမို့ ဖြစ်မှကုသတာထက် မကူးစက်အောင် တယောက်ချင်း၊ တမိသားစုချင်းကစပြီး ပြည်နယ်သူ ပြည်နယ်သားအားလုံးက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာကြစေလိုပါတယ်။”
စစ်ကောင်စီ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ကယားပြည်နယ်မှာ ဇူလိုင် ၁၁ ရက် ညနေ ၇ နာရီအထိ လွိုင်ကော်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၁ ဦး၊ ဘောလခဲမှာ ၄ ဦး နဲ့ဖားဆောင်းမှာ ၁ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။