ထိုင်းတွင် မျိုးဗီဇပြောင်း အယ်လ်ဖာနှင့် ဒယ်လ်တာပေါင်းစပ် ကိုဗစ်-၁၉ ဗိုင်းရပ်စ်သစ်တွေ့ရှိ

တကျော့ပြန် ကိုဗစ်-၁၉ ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ မျိုးဗီဇ ပြောင်းအယ်လ်ဖာနဲ့ ဒယ်လ်တာပေါင်းစပ် ကိုဗစ်-၁၉ ဗိုင်းရပ်စ် အသစ်တမျိုး ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ဆေးသိပ္ပံဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒီဗိုင်းရပ်စ်အသစ်ကိုတော့ မြို့တော်ဘန်ကောက်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုက အလုပ်သမား ၇ ယောက်မှာ စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗလျူအိပ်ချ်အို)ကတော့ စိုးရိမ်ဖွယ် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲတွေအဖြစ် ဗြိတိန်ဗိုင်းရပ်စ်မျိုးကွဲ B.1.1.7 ကို အယ်လ်ဖာ၊ တောင်အာဖရိက ဗိုင်းရပ်စ် မျိုးကွဲ B.1.351 ကို ဘီတာ၊ ဘရာဇီးဗိုင်းရပ်စ်မျိုးကွဲ P.1 ကို ဂမ်မာ ၊ နှစ်မျိုးနှစ်စားရှိတဲ့ အိန္ဒိယဗိုင်းရပ်စ်မျိုးကွဲ B.1.617 ထဲက စိုးရိမ်ဖွယ်ဗိုင်းရပ်စ်ဖြစ်တဲ့ B.1.617.2 ကို ဒယ်လ် တာနဲ့ နောက်တစ်မျိုး B.1.617.1 ကို ကက်ပါလို့ အမည်ပေးထားပါတယ်။
ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ခံ ထိုင်းနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၃၄၀,၀၀၀ ကျော်၊ သေဆုံးသူစုစုပေါင်း ၂၇၀၀ ကျော်နဲ့ အာရှဒေသတွင်းနိုင်ငံတွေထဲ ရောဂါကူးစက်မှု အမြင့်ဆုံးအဆင့် ၂၀ နေရာမှာ ရှိနေတာပါ။
အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်ခံ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံ တွေပြီးရင် မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၈ သိန်း ၄ သောင်းကျော်၊ သေဆုံးသူပေါင်း ၆,၀၀၀ ကျော်နဲ့ ရှိနေပြီး ထိုင်းနိုင်ငံကတော့ အမှတ်စဉ် ၄ နေရာမှာ ရှိနေပါတယ်။
ကမ္ဘာတဝန်းလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၈၇ ဒသမ ၇၇ သန်းကျော်၊ သေဆုံးသူပေါင်း ၄ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာ သူပေါင်း ၁၇၁ ဒသမ ၆၉ သန်းကျော် ရှိနေတယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြပါတယ်။