close

ပြည်နယ်နှင့်တိုင်း ၆ ခုရှိ ၁၁ မြို့နယ်တွင် Stay at Home အမိန့်ထပ်တိုးထုတ်ပြန်

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းမှာ ရှိတဲ့ မြို့နယ် ၁၁ မြို့နယ်မှာ   နေထိုင်ကြတဲ့ ပြည်သူတွေ နေအိမ်မှာပဲ နေထိုင်ကြဖို့  စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်မှာ  Stay at Home အမိန့် ထုတ်ပြန်ပါတယ်။ 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နဲ့ ဗန်းမော်မြို့တို့ကို   ဇူလိုင် ၁၃ ရက် ဒီနေ့ မနက်ကစတင်ပြီး  Stay at Home (နေအိမ်တွင်နေထိုင်ရေး) အမိန့်ထုတ်ပြန်လိုက်ပြီလို့ မြစ်ကြီးနား အထွေထွေအုပ်ချုပ်ရေးရုံးကနေ သိရပါတယ်။

မြစ်ကြီးနားနဲ့ ဗန်းမော်မှာ ကိုဗစ်-၁၉ ကူးစက်လူနာ တစ်ရက်ထက်တစ်ရက်များပြားလာတဲ့အတွက် အခုလိုထုတ်ပြန်တာဖြစ်နိုင်ပြီး နေအိမ်မှာနေထိုင်ကာ မိမိအစီအစဥ်နဲ့ ကုသနေသူတွေရှိနေတယ်လို့ မြစ်ကြီးနားဒေသခံ တစ်ယောက်ကပြောပါတယ်။

Stay at Home မြို့နယ်မှာ နေထိုင်သူတွေအနေနဲ့ မိမိနေအိမ်တွင်သာနေထိုင်ကြဖို့ (အစိုး၇ဝန်ထမ်းများ ၊ဆက်သွယ်ရေးလုပ်ငန်းလုပ်ဆောင်သူများမပါ) မဖြစ်မနေစျေးဝယ်ထွက်ပါက တစ်အိမ်တစ်ယောက်သာ ထွက်ဖို့၊ ကုန်တင်ယာဥ်တွေ စံသတ်မှတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့၊ မြစ်ကြီးနားနဲ့ ဗန်းမော်မြို့ ကနေတစ်ခြားမြို့ရွာတွေကို သွားရောက်ပါက ကွာရန်တင်း ၁၀ ရက်ဝင်ဖို့တွေ အမိန့်ညွှန်ကြားချက်မှာပါဝင်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော်အပြင် ကရင်ပြည်နယ် မြဝတီမြို့နယ်၊ စစ်ကိုင်းတိုင်းက  စစ်ကိုင်းမြို့နယ်နဲ့ မုံရွာမြို့နယ်၊ မကွေးတိုင်းက မကွေးမြို့နယ် ၊ ရှမ်းပြည်နယ်က သီပေါ၊ တာချီလိတ်နဲ့ မူဆယ်မြို့နယ်တွေ၊ ဧရာဝတီတိုင်းက ကန်ကြီးထောင့်နဲ့ ၊ ဟင်္သာတမြို့နယ်တို့လည်း  ဇူလိုင် ၁၃ ရက် မနက် ၄ နာရီကစလို့ Stay at Home အမိန့် အကျုံးဝင်ကြောင်းတပ်တိုးထုတ်ပြန်ထားပြီး မြန်မာတစ်နိုင်ငံလုံး ၇၄ မြို့နယ်ရှိသွားပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၅,၀၁၄ ယောက်၊ သေဆုံးသူ ၈၉ ယောက် ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၁၉၇,၂၂၇ ယောက်ထိ ရှိလာပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်ညမှာ ထုတ်ပြန်ပါတယ်။

(ဓာတ်ပုံ- Stay at Home အမိန့်ထုတ်ပြန်ထားတဲ့ မူဆယ်မြို့ မြင်ကွင်း)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up