close

အင်ဒိုနီးရှားတွင် တရက်တည်းကိုဗစ်-၁၉ ကူးစက်မှု ၄၀,၀၀၀ ကျော် စံချိန်တင်

အာဆီယံဒေသတွင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ တရက်တည်း ကိုဗစ်- ၁၉ ကူးစက်မှုအသစ် ၄၀,၄၂၇ ယောက်ရှိခဲ့ပြီး ဒါဟာ နေ့စဉ်ကူးစက်မှုအမြင့်ဆုံး စံချိန်သစ် ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူအရေအတွက် ၈၉၁ ယောက်ရှိခဲ့ပြီး လတ်တလောအချိန်ထိ သေဆုံးသူစုစုပေါင်း ၆၇,၃၅၅ ယောက်နဲ့ ရောဂါကူးစက်ခံရသူပေါင်း ၂ သန်းခွဲကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

အင်ဒိုနီးရှား ရေကြောင်းနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဝန်ကြီး လူဟတ်ဘင်ဆာပန်ဂျိုက်တန်ကတော့ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်ကစတင်ကာ ဂျာဗားနဲ့ ဘာလီကျွန်းတွေမှာ အသွားအလာ ကန့်သတ်ထိန်းချုပ်မှုတွေ လုပ်ဆောင်ခဲ့ပြီး သေဆုံးမှုနှုန်းတွေ လျှော့ချနိုင်ခဲ့တာကို ထောက်ပြပြီး လာမယ့် သီတင်းပတ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းတွေ လျော့ကျလာဖို့ မျှော်လင့်တယ်လို့ ပြောလိုက်ပါတယ်။

“ကာကွယ်ဆေးထိုးနှံတာ၊ အရေးပေါ်အခြေအနေတွေကို အရေးတယူ လိုက်နာတာ၊ ဆေးဝါး၊ အောက်ဆီဂျင်နဲ့ ဆေးရုံတွေ ပြင်ဆင်ထားရှိပြီး ကျနော်တို့ ဒီထက် ပိုမိုကောင်း မွန်တဲ့ အခြေအနေတွေကို တွေ့လာရမှာပါ”

အင်ဒိုနီးရှားနိုင်ငံဟာ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့ကတည်းက နေ့စဉ် ကိုဗစ်-၁၉ ကူး စက်မှု ၃ သောင်းကျော်ပုံမှန်ရှိနေခဲ့ကာ အာဆီယံဒေသတွင်းနိုင်ငံတွေထဲ ရောဂါကူးစက်မှုနဲ့ သေဆုံးမှု အမြင့်ဆုံးနိုင်ငံ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

အိမ်နီးချင်း မလေးရှားနိုင်ငံမှာတော့ တရက်တည်း ကိုဗစ်-၁၉ ကူးစက်ခံရသူအရေ အတွက် ၈,၅၇၄ ယောက်ရှိခဲ့ကာ နေ့စဉ်ကူးစက်မှု ပျမ်းမျှ ၉ ထောင်ကျော်ရှိနေတာထက် လျော့နည်းလာခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၈၄၄,၈၇၀ ယောက် ရှိနေခဲ့တာပါ။

အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်ခံ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံတွေပြီးရင် မလေးရှားနိုင်ငံက ရောဂါကူးစက်ပျံ့ပွားမှုအများဆုံး တတိယနိုင်ငံအနေနဲ့ ရှိနေပြီး အဲဒီနောက်မှာတော့ ထိုင်းနိုင်ငံက ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up