ချင်းမိုင် ရွှေ့ပြောင်းလုပ်သားတန်းလျားတွင် ကိုဗစ် ၁၉ ပိုးတွေ့၊ လူ ၆၀ ခန့်ကို အသွားအလာ ကန့်သတ်




ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ဆာရဖီးမြို့နယ် နောင်ဘက်ရပ်ကွက်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေ့ပြောင်းလုပ်သား ၂ ဦးဆီကနေ ကိုဗစ်-၁၉ ပိုး ကူးစက်ခံထားတာ တွေ့ရတဲ့အတွက် တာဝန်ရှိသူတွေက အဆိုပါ အလုပ်သမားတွေ စုဝေးနေထိုင်ရာ ဆိုက် (ကဲမ့်) ကို လော့ဒေါင်းချထားလိုက်တယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါဆိုက် (ကဲမ့်) ထဲက အလုပ်သမား ၁ ဦးဟာ ချင်းမိုင်မြို့လယ် ဆန်ဒိတ် (ကလေးသူငယ်တရားရုံး) လမ်းဆုံနားက ဆောက်လုပ်ရေးလုပ်ငန်းခွင်ကနေ ကိုဗစ် ၁၉ ကူးစက်ခဲ့တာဖြစ်ပြီး ဇူလိုင် ၁၀ ရက်နေ့မှာ တန်းလျားမှာ အတူနေတဲ့ နောက်ထပ်အလုပ်သမား ၁ ဦးထံမှာ ပိုးထပ်တွေ့ခဲ့တာပါ။
ဆာရဖီးမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ လူထုကျန်းမာရေးဌာန တာဝန်ရှိသူတွေဟာ အဆိုပါ အလုပ်သမားကဲမ့်ကို လော့ဒေါင်းချထားလိုက်ပြီး ဆက်စပ်သူ ၁၈ ဦးကို swab ယူကာ ကလေးငယ် ၄ ဦး နဲ့ သက်ကြီးရွယ်အို ၂ ဦးအပါအဝင် တန်းလျားမှာရှိတဲ့ လူပေါင်း ၆၈ ဦးကို ၁၄ ရက်တာ အသွားအလာ ကန့်သတ်ထားလိုက်ပါတယ်။
အဲဒီနောက် ကဲမ့်ထဲက လူတွေအတွက် အစားအစာနဲ့ သောက်ရေတွေ ပို့ပေးခဲ့ပြီး ဇူလိုင် ၁၃ ရက်ထုတ် နောက်ဆက်တွဲသတင်းတွေအရ အဆိုပါကဲမ့်ထဲကနေ နောက်ထပ် အလုပ်သမား ၂ ယောက် ကိုဗစ်-၁၉ ကူးစက်ခံထားရတာတွေ့လို့ စုစုပေါင်း ပိုးတွေ့သူ ၄ ဦးရှိသွားပြီလို့ ဆိုပါတယ်။
ချင်းမိုင်ခရိုင်ရဲ့ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေမှာ ဇူလိင် ၁၃ ရက်ထုတ်ပြန်ချက်အရ နောက်ထပ်ပိုးတွေ့သူ ၃၀ ဦးရှိပြီး သေဆုံးသူ ၁ ဦးရှိပါတယ်။ မနှစ်ကစ ဒီကနေ့ထိ ကိုဗစ် ၁၉ ကူးစက်ခံရသူပေါင်း ၄၄၃၆ ဦး သက်သာပျောက်ကင်းလို့ ဆေးရုံဆင်းရသူပေါင်း ၄၁၆၈ ဦးရှိပြီး သေဆုံးသူ ၂၇ ဦးရှိပါတယ်။
ချင်းမိုင်ခရိုင်ထဲမှာလည်း မြန်မာရွှေ့ပြောင်းလုပ်သားအများအပြား ဝင်ရောက်လုပ်ကိုင်နေပါတယ်။
ကိုးကား – chiangmainews