close

အကြောင်းမဲ့ပစ်သတ်ခံရသည့် ထန်းတက်တောင်သူ ဦးလွန်းမောင်အပါအဝင် ကျဆုံးပြည်သူ ၉၁၁ ဦးရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၅ လခွဲအကြာ အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၉၁၁ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၁၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၆၉၄ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၂၅၇ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၅၄ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၆၃ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဇူလိုင် ၁၂ ရက်နေ့က မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ သရက်ပင်ကျေးရွာက ဒေသခံ ထန်းတက်တောင်သူ ဦးလွန်းမောင်ကို နယ်မြေခံရဲတွေက အကြောင်းမဲ့ ပစ်သတ်သွားခဲ့တယ်လို့ သိရှိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်ထဲမှာတော့ အကြမ်းဖက်စစ်အုပ်စုက ဝင် ရောက်စီးနင်းတာကြောင့် မြို့နယ်ထဲက ဇင်ကလဲကျေးရွာအပါအဝင် အနီးနားကျေးရွာတွေက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဇူလိုင် ၁၁ ရက်နေ့မှာတော့ ဇင်ကလဲကျေးရွာက တိမ်းရှောင်နေတဲ့ ဦးဆန်းဝင်းဟာ ရွာကို ဆန်ပြန်ယူချိန်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ကျဆုံးသွားတဲ့ ဦးဆန်းဝင်းမှာ လက်ပြန်ကြိုးတုပ်ခံထားရပြီး မျက်နှာနဲ့ ဦးခေါင်းမှာ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ သံပေါက်ကျေးရွာမှာတော့ ဒေ သခံ ဦးမြင့်ဆွေကို အကြမ်းဖက်စစ်အုပ်စုက ဇူလိုင် ၁၃ ရက်နေ့မှာ သတ်ဖြတ်ခဲ့တယ်လို့  သိရှိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ သာရမဲကျေးရွာမှာတော့ အာဏာဖီဆန် ရေးလှုပ်ရှားမှု(CDM)ပြုလုပ်ထားတဲ့ ကျောင်းဆရာမ ၃ ယောက်ကို စစ်ကောင်စီတပ်က ဇူလိုင် ၁၂ ရက် ညအချိန်က အရပ်ဝတ်နဲ့ လာရောက်ဖမ်းဆီးသွားခဲ့ကာ ကျေးရွာ ရာအိမ်မှူး ဦးနိုင်လင်းကိုလည်း တညတည်းမှာ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

  အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up