close

ရန်ကုန်တွင် အောက်ဆီဂျင်ပုံမှန်ရသည့်နေရာ ၁၀ နေရာခန့်သာရှိ

ရန်ကုန်မြို့မှာ အောက်ဆီဂျင်ရရှိဖို့ အလွန်ခက်ခဲနေပြီး ပုံမှန်ရတဲ့နေရာ ၁၀ နေရာလောက်ပဲ ရှိတော့တယ်လို့ စက်မှုဇုန်မှာ တန်းစီနေသူတစ်ယောက်က ပြောပါတယ်။ 

စစ်ကောင်စီက  အောက်ဆီဂျင်ထုတ်နိုင်တဲ့ အစိုးရစက်ရုံတွေအား ပြည်သူတွေကိုမရောင်းဖို့ ဇူလိုင် ၁၁ ရက်နေ့မှာ ကန့်သတ်ခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာတော့ ပုဂ္ဂလိကစက်ရုံတွေကိုပါ ထိန်းချုပ်တာတွေ ရှိလာတဲ့အတွက် ရန်ကုန်တစ်မြို့လုံးမှာ အောက်ဆီဂျင်ပုံမှန်ရတာ ၁၀ နေရာနီးပါးပဲ ရှိတော့တယ်လို့ ရောဂါပိုးကူးစက်ခံရသူတွေရဲ့မိသားစုဝင်တွေက ပြောပါတယ်။

အောက်ဆီဂျင်တန်းစီနေသူတစ်ဦးက "လေးငါးရက်ရှိပြီ ဟိုပြေးဒီပြေးနဲ့ ဘယ်မှာမှမရဘူး။ မနက်အစောကြီး သုံးနာရီဆိုရောက်တယ်ဗျ။ ရောက်လည်း ဘာမှအဆင်မပြေဘူး။ အရမ်းခက်ခဲတာ။ ရွှေလိုချင်ရွှေဝယ်လို့ရတယ်။ တော်တော်ဒုက္ခရောက်နေတာ" လို့ ပြောပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာ ရောဂါကူးစက်ခံရတဲ့ မိခင်ကို စောင့်နေသူတစ်ယောက်ကတော့ ဆေးရုံကဆင်းရင် သူ့အမေရှူဖို့အောက်စီဂျင်ရှာတာ သုံးရက်ရှိနေပြီဖြစ်ပေမယ့် လုံးဝမရသေးဘူးလို့ ပြောပါတယ်။ 

အောက်စီဂျင်အိုးဝယ်ဖို့နဲ့ ပုံမှန်ပြန်ဖြည့်ဖို့ ရှာဖွေတာ နေရာနှံ့နေပြီဖြစ်တဲ့အတွက် ကံကိုပဲ ပုံချရတော့မယ်လို့ ဆိုပါတယ်။ 

လူမှုကွန်ရက်တွေမှာ ကူညီတယ်ဆိုတဲ့ ပရဟိတအသင်းတွေနဲ့ စက်ရုံတွေကလည်း မနိုင်မနင်းဖြစ်နေပြီး အားလုံးကိုမကူညီနိုင်တော့တဲ့အတွက် လူနာတွေမှာ အခက်အခဲဖြစ်နေပါတယ်။ 

ဒီပြဿနာတွေဟာ စစ်ကောင်စီက သူတို့ကူညီမှဖြစ်မယ်ဆိုတဲ့အ ခြေအနေရောက်အောင်တွန်းပို့ပြီး ပြည်သူတွေရဲ့အသက်နဲ့ အကြပ်ကိုင်နေတာလို့ ကိုဗစ်ကူးစက်ခံရသူရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

"သူတို့က ပြည်သူကိုပြန်သတ်နေတာဗျ။ ကျည်ဆန်ဖိုးကျတော့ ပိုက်ဆံတတ်နိုင်တယ်။ အောက်ဆီဂျင်ဖိုးကျတော့ မတတ်နိုင်ဘူးဖြစ်နေတာ။ ပြည်သူကိုစောင့်ရှောက်ရမယ့်အစား ပြည်သူကို သတ်သလိုပဲ သူတို့က။ သူတို့ကူညီမှပဲ ပြည်သူတွေ အဆင်ပြေမယ်ဆိုတဲ့ ပုံစံပေါက်အောင် စစ်ကောင်စီက စက်ရုံတွေမှာ စက်ရုံတစ်ခုကို ငါတို့ကို အိုးဘယ်လောက်ပေးဆိုပြီး လိုက်သိမ်းနေတာဗျ။ အဲ့ဒါကြောင့် ပုဂ္ဂလိကကို မရောင်းနိုင်ဘူး။"

စစ်ကောင်စီက ဇူလိုင် ၁၁ ရက်နေ့က အစိုးရအောက်စီဂျင်စက်ရုံတွေမှာ ပုဂ္ဂလိကကို မရောင်းဖို့ ကန့်သတ်တာဟာ အစိုးရဆေးရုံတွေနဲ့  စင်တာတွေမှာ အသုံးပြုဖို့ မလုံလောက်တာကြောင့်လို့ အကြောင်းပြထားပါတယ်။ 

ပုဂ္ဂလိက စက်ရုံတွေကိုတော့ တရားဝင်အရောင်းရပ်ခိုင်းတာမျိုးမရှိသေးပေမယ့် စစ်ကောင်စီက စက်ရုံရဲ့ထုတ်လုပ်အားနဲ့ရောင်းဈေးကို လာစုံစမ်းသွားတယ်လို့ စက်ရုံပိုင်ရှင်တစ်ယောက်က ပြောပါတယ်။ 

အခုရက်ပိုင်းအတွင်းမှာ ရန်ကုန်မြို့ရေဝေးသုဿန်တစ်နေရာတည်းမှာတင် တစ်ရက်ကို ရုပ်အလောင်း ၂၀၀ ဝန်းကျင် မီးသင်္ဂြိုဟ်နေရတယ်လို့ DVB က စုံစမ်းသိရှိရပါတယ်။ 

ကိုဗစ်-၁၉ ကူးစက်ခံရသူတွေကို ကူညီဆောင်ရွက်နေသူတွေကတော့ စစ်ကောင်စီကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ သေဆုံးစာရင်းထက် မြေပြင်မှာ ပိုများနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up