ဘိုကလေးမြို့၌ ကိုဗစ်-၁၉ ရောဂါဖြင့် အမျိုးသမီး ၁ ဦး စတင်သေဆုံး

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့မှာ ဇူလိုင် ၁၅ ရက်၊ မနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါနဲ့ ဆေးရုံတက်ဆေးကုသမှုခံယူနေသူ အမျိုးသမီး ၁ ဦး စတင်သေဆုံးခဲ့ပါတယ်။
မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းက သီးသန့်လူနာဆောင်မှာ ဆေးကုသမှုခံယူနေတဲ့ အသက် (၇၁ နှစ်)အရွယ် အမျိုးသမီးတစ်ဦးဟာ ဇူလိုင် ၁၅ ရက် မနက် ၅ နာရီမှာ ကိုဗစ်ရောဂါနဲ့ သေဆုံးခဲ့တာလို့ မိသားစုဝင်က ပြောပါတယ်။
“ဇူလိုင် ၁၀ ရက်နေ့က ဆေးရုံးတက်တယ်။ ရောဂါ အခံတော့ မရှိဘူး။ Positive နဲ့ နီးစပ်သူဆိုတော့ ကွာရန်တင်း ဝင်ခိုင်းလိုက်တဲ့အတွက် တစ်အိမ်ထဲနေ နီးစပ်သူ နှစ်ယောက်ကို ပညာရေးကောလိပ်မှာ ကွာရန်တင်းထားပါတယ်။ ရောဂါပိုးရှိ မရှိကတော့ မစစ်ရသေးတဲ့အတွက် မသိရသေးပါဘူး” လို့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေချိန်ကာလအတွင်း ဘိုကလေးမြို့မှာ ရောဂါကူးစက်မှုနှုန်း မြန်ဆန်များပြားနေကာ ရောဂါပိုးကူးစက်သူဦးရေ ၇၀ ကျော်နဲ့ ထိတွေ့ဆက်စပ်ကာ ကွာရန်တင်းဝင်နေသူ အယောက် ၁၀၀ လောက်ရှိတယ်လို့ မြို့နယ် ကျန်းမာရေး အထောက်အကူပြု ကော်မတီထံကသိရပါတယ်။
ဓာတ်ပုံ- မြို့နယ်ကျန်းမာရေးအထောက်အကူပြု ကော်မတီ